"မိုး....မိုး....မိုး.... တို့နှစ်ယောက်ချစ်တဲ့..မိုး...."
"မိုး....မိုး....မိုး....ခုတော့ အချစ်ရေ...ဘယ်မှာလဲ..."
"မိုး...မိုး...မိုး....လွမ်းလို့မဆုံးဘူး မိုး...."
လက်ဖက်ရည်ဆိုင်ထဲက ဖွင့်တဲ့ သီချင်းသံစဉ်က ကိုယ့်ရင်ကို ပိုပြီး စူးနစ်စေသလို....။
မိုးအေးအေးနဲ့ အိပ်ယာထဲကွေးရမှာ ပျင်းလာလို့ အပြင်ပတ်ဝန်းကျင်လေး ဘာလေးထွက်လေ့လာတာ....။ မိုးခိုတဲ့ သူတွေ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ လက်ဖက်ရည်ထွက်သောက်တဲ့သူတွေ တစ်ဆိုင်လုံးပြည့်လို့ရယ်....။ တော်သေးရဲ့ ဒေါင့်ခုံနေရာလေးမှာ လူလွတ်နေလို့...နံရံကပ်လေးလဲဖြစ်တော့ သီးသီးသန့်သန့်လေးဖြစ်သွားတယ်...။ လက်ဖက်ရည်လေးကျိုက်လိုက် သီချင်းအေးအေးလေးနားထောင်လိုက် လမ်းပေါ်က မိုးရေတွေကို ငေးမောလိုက်နဲ့....။
ဆိုင်ရှင်အတွေးခေါ်မဆိုးဘူး မိုးရာသီနဲ့ပတ်သက်တဲ့ သီချင်းလေးတွေကို စုစည်းထားတာလေး ဖွင့်ပေးထားတယ်...။ အပြင်မှာတော့ မိုးက သည်းကြီးမဲကြီးရွာလိုက် တိတ်သွားလိုက်နဲ့ သူ့စိတ်ကြိုက်ရွာချင်သလိုရွာနေတာ ...ဒါ ရန်ကုန်မိုး....။ မိုးအေးလို့လား အခါတိုင်းလို စကားပြောသံတွေ ဆူညံမနေဘဲ ကိုယ့်ဘေးနံရံအပေါ်မှာ ချိတ်ဆွဲထားတဲ့ Song Box ကထွက်တဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးနဲ့ မိုးစက်ကျသံတို့က ကာရံစည်းချက်ကိုလိုက်လို့......။
"
ခဏနေတော့ အသားခပ်ဖြူဖြူသန့်သန့်ကောင်လေးနဲ့ အသားညိုညိုကောင်လေးနှစ်ယောက် ဆိုင်ထဲဝင်လာပြီး ဟိုနေရာရှာဒီနေရာရှာလုပ်ရင်းက ကိုယ်ထိုင်တဲ့ စားပွဲဆီကို ဦးတည်လာနေကြတယ်.....။
"အစ်ကို ဒီနေရာမှာ လူရှိလား ကျွန်တော်တို့ ထိုင်လို့ရလားဗျ..."
ဟာ...လုပ်ပြီ.... မိုးအေးလို့ ဂျင်းဘောင်းဘီ တီရှပ်အဖြူနဲ့ ဂျင်းဂျက်ကက်အပြင်ကထပ်ဝတ်ပြီး အောစတားရှူးနဲ့ ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားတဲ့ ကိုယ့်ကို ယောကျာ်းတစ်ယောက်လို့ ထင်နေကြတာ....။ ရှိပါစေတော့ ကိုယ်ခေါင်းညိတ်ပြတော့ သူတို့နှစ်ယောက် ခုံဆွဲပြီး ဝင်ထိုင်ကြတယ်....။
"ဟေ့ကောင်....မင်းကောင်မလေးကလာပါ့မလား ဒီလောက်မိုးတွေရွာနေတာ.."
အသားညိုညိုနဲ့ကောင်လေးက အဖြူကောင်လေးကိုမေးနေတာ ကြည့်ရတာ ရည်းစားနဲ့ချိန်းထားတာဖြစ်မယ်....။ သူတို့စကားပြောရတာ အားမနာရအောင်လို့ ပါလာတဲ့ ဆရာနန္ဒာသိန်းဇံရဲ့ "အရိမဒ္ဒရအတွေးမြင်တို့ပျံ့ဝဲနေဆဲ"စာအုပ်လေးထုတ်ဖတ်နေလိုက်တယ်....။ သူတို့နှစ်ယောက်လက်ဖက်ရည်နှစ်ခွက်မှာပြီး အညိုကောင်လေးက ရေနွေးခွက်တွေဆေးပြီး ရေနွေးငှဲ့ထည့်နေတယ်....။ ကိုယ့်ရှေ့ကခွက်ကိုပါဆွဲယူပြီး "အစ်ကို ကျွန်တော်ရေနွေးထည့်လိုက်မယ်နော်"တဲ့.....။
ကိုယ်သူ့ကိုမော့ကြည့်ပြီး ကျေးဇူးလို့ တစ်ခွန်းတုံ့ပြန်လိုက်တော့ သူအံ့အားသင့်သွားတဲ့ အကြည့်နဲ့...
"ဟာ ဆောရီးနော်...ကျွန်တော်က ယောကျာ်းလေးအောက်မေ့လို့ ဆောရီးအစ်မ..."
"ရပါတယ်"လို့ လိုရင်းတိုရှင်းဖြေပြီး ကိုယ်စာအုပ်ပြန်ဖတ်နေလိုက်တယ်.....။
အဖြူကောင်လေးက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်နဲ့ အညိုကောင်လေးအဖြစ်ကို ဂရုမစိုက်အား...
"ကျွတ်..... ဟာကွာ... ဖုန်းလည်းမကိုင်ဘူး..."အဖြူကောင်လေးဆီက စိတ်မရှည်တဲ့ လေသံထွက်လာတယ်...။
"ငါထင်တယ် မင်းကို သူပုံပြောသွားပြီ ငါ့ကောင်..."
ကိုယ်လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်မသောက်ခင် သူတို့ကို တချက်စပ်စုပြီး ကြည့်လိုက်တယ်...။ အဖြူကောင်လေးက ရှပ်အင်္ကျီအဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးကို သပ်သပ်ရပ်ရပ်တွဲဝတ်ထားတာ...။ ခပ်ကြမ်းကြမ်း ဆံပင်တိုတိုတွေက မိုးရေတွေစိုလို့....။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် နှုတ်ခမ်းတစ်စုံက ယောကျ်ားလေးတော်တော်များများမှာ မြင်ရခဲတဲ့ ခပ်ထူထူနှုတ်ခမ်းမျိုး ....။ ဆေးလိတ်မသောက်မှန်းသိသာတယ်... အသားအရည်က ကြည်ကြည်လင်လင်....။ သူ့ကိုမြင်တော့ အိန်ဂျယ့်ကို သတိရသွားတယ်....။ ကိုယ့်ရဲ့ အိန်ဂျယ်လေးရော ဘယ်ရောက်နေလဲ...။ ခုနေ ဟိုကောင်လေးလိုပဲ ကိုယ်ဖုန်းကောက်ဆက်လိုက်ရင် ဒါမှမဟုတ် ကိုယ်မက်ဆေ့ချ်ပို့လိုက်ရင် မင်းရောက်လာမလား....။ ဟ..ဟ..ဟ ဘယ်တုန်းကများ မင်း မက်ဆေ့ချ်ပြန်ဖူးလို့လဲ....။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရယ်လိုက်ပေမယ့် နာနာကျင်ကျင်နဲ့ ကိုယ့်ရယ်သံကို ကိုယ်တိုင်ပဲ ပြန်ကြားရတာပါ....။
ကိုယ်စာအုပ်ဖတ်ပြီး တစ်ဝက်ကျိုးသွားတဲ့ အထိ သူတို့ချိန်းထားတဲ့ ကောင်မလေးကို အရိပ်အယောင်တောင်မတွေ့ရဘူး.....။ ကိုယ့်မှာ စာအုပ်ဖတ်လိုက် သူတို့ကို မသိမသာစပ်စုလိုက်နဲ့ အလုပ်ကိုဖြစ်လို့....။ နောက်တော့ ရောက်လာမှာမဟုတ်ဘူးလေဆိုပြီး စိတ်လျှော့လိုက်ပုံရတယ် သူတို့ဘာသာ သူတို့ ဟိုအကြောင်းဒီအကြောင်းတွေကိုပြောရင်း အညိုကောင်လေးက ကိုယ့်စာအုပ်ကိုလာစပ်စုလိုက်သေး....။
"အစ်မ အဲဒီစာအုပ်လေးဖတ်လို့ကောင်းလား ကျွန်တော်လည်း ဆရာနန္ဒာသိန်းဇံရေးတဲ့ ရသစာတွေသိပ်ကြိုက်တာ ဒီစာအုပ် ထွက်ထားတာမကြာသေးဘူးထင်တယ်...."
"ဟုတ်တယ် ဆရာ့ရဲ့ ဆောင်းပါးစာစုတွေလေ ခုမှအသစ်ပြန်ထုတ်တာ..."
ဒီတော့မှ အဖြူကောင်လေးပါစကားဝင်ပြောလာတယ်...အစကတော့ သူ့ကောင်မလေးကို တမျှော်မျှော်နဲ့ကိုး...။
"အစ်မက အင်တာနက်သုံးလား..."တဲ့...
"ဘာဖြစ်လို့လဲ ဒီဖက်ခေတ်မှာ လူတိုင်း အင်တာနက်သုံးတာပဲ..."ကိုယ့်လေသံ နဲနဲကျွတ်ဆတ်ဆတ်နိုင်လိမ့်မယ်ထင်တယ်....။
"အစ်မကို အင်တာနက်ဆိုင်မှာခဏ ခဏတွေ့ဖူးနေလို့ပါ...."
"ဟုတ်မှာပါ.... မင်းကို တစ်ခုလောက်မေးချင်တယ် မင်းက အဖြူရောင်ကြိုက်တဲ့သူလား..."
ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ သူချက်ချင်းသိတယ် မဆိုးဘူး သူက သူ့ကိုယ်သူ ငုံ့ကြည့်ရင်း
"ဟုတ်.... အဖြူရောင်ကြိုက်ပါတယ် များသောအားဖြင့် ဝတ်ဖြစ်တယ် ဒီနေ့က လူမှုရေးလုပ်အားပေးတစ်ခုကနေပြန်လာလို့ ဒီလိုလေးဖြစ်နေတာ..."
အဖြူကောင်လေးက စကားပြောသွက်သားပဲ...ခုခေတ်ကောင်လေးတွေက လူမှုဆက်ဆံရေး မညံ့ကြဘူး...။ လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုတတ်ကြသားပဲလို့ စိတ်ထဲတွေးမိသွားတယ်....။ ကိုယ်တို့စကားစပြတ်သွားချိန်မှာပဲ ဆံပင်ခါးလည်လောက်ရှည်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ရောက်လာတယ်....။ သူတို့မျှော်နေတဲ့ ကောင်မလေး....။ သူတို့ ကိုယ်နဲ့ စကားပြောရင်း စောင့်ရကျိုးနပ်သွားပါတယ်....။ မိုးလဲစဲနေပြီ...။
"ကျေးဇူးပဲ အစ်မရေ ကျွန်တော်တို့ကို စကားပြောပေးတဲ့ အတွက် နောက်မှဆုံမယ် လစ်ပြီ..."
သူတို့လစ်ပြီပြောခါမှ အချိန်ကိုကြည့်မိတယ်....လက်ဖက်ရည်တစ်ခွက်နဲ့ ထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ...။ ကိုယ်လဲ လစ်ဦးမှပါ....။ ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.... မင်းကြိုက်တတ်တယ်ဆိုလို့ ဒီဆိုင်က စမူဆာလးသုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့....:)
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး...![]()
![]()
ပြန်ခါနီးမှ ကိုငဲကြီးကလဲ မယုံနိုင်ဘူး ဇွတ်အော်နေတော့တာ....။ မယုံနိုင်လဲ ယုံရတော့မှာပဲ တကယ်လဲ မင်းစွန့်ခွာသွားခဲ့တာပဲ သံယောဇဉ်ဖြတ်ခဲ့တာပဲ အိပ်မက်တွေကို ဖျက်စီးပစ်ခဲ့တာပဲ ဒီတိုင်း ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်လဲ ယုံရပြီ....။
မိုးတွင်းကြီးထဲ ထီးကိုင်ဖို့လည်း ပျင်းတဲ့ ကိုယ့်အတွက် မိုးစဲချိန်ကိုပဲစောင့်ရတာ အကျင့်ရနေပါပြီ...။ အပြင်ဖက်မှာတော့ တိမ်တွေက ခဲသားရင့်ရောင်သန်းနေဆဲ...မိုးစက်တွေ တစ်ဖျောက်နှစ်ဖျောက်ကျနေဆဲပဲ...။ စာအုပ်ကိုတော့ မိုးမစိုအောင် ဂျက်ကက်အတွင်းထဲထည့်ပြီး...မိုးအောက်မှာ အရသာရှိရှိ အိမ်ပြန်ခဲ့လိုက်တော့တယ်....။
မိုးငွေ့
အလင်းသစ် said....(1.9.2011)
"အား.... အဲဒီမိုးတွေအကြောင်းရေးရင် လွမ်းတတ်လို့ပါဆို ဟဲ...အားပေးသွားပါတယ် အစ်မရေ...မိုက်၏ "
Angelhlaing said....(1.9.2011)
မိုးနဲ့ပတ်သက်ရင်အမှတ်တရရှိလို့ပါဆို အစ်မရေ အားပေးလျက်ပါလို့..."
Nyi Linn Thit said....(1.9.2011)
ဖတ်နေရင်းနဲ့ မိုးငွေ့ဖြန်းတဲ့ လေတွေ ဝေ့ဝိုက်တိုက်ခတ်သွားသလိုလို....
အနားမှာလေထဲပဲ ချက်ချင်းအေးစိမ့်လာသလိုလို...နားထဲမှာ မိုးသံတွေ တဖျောဖျောကြားလိုက်ရသလိုလို အေးသလို နွေးသလို ခံစားမှုလေးတွေရလိုက်တယ်....။
MGTHANT said....(1.9.2011)
ရုံးသွားတိုင်း ဘယ်တော့မှ ထီးမယူသွားတဲ့အတွက် မိုးရွာလို့ရှိရင်လက်ဖက်ရည်ဆိုင်ထဲ ဝင်ခို ပါလာတဲ့ စာအုပ်ကိုထုတ် ဒါမှမဟုတ် ဆိုင်က သတင်းစာကိုယူပြီး ထမင်းချိုင့်လေးဘေးချကာ ကော်ဖီတစ်ခွက်နဲ့ မိုးတိတ်တဲ့အထိ စာထိုင်ဖတ်ခဲ့တဲ့ လွန်ခဲ့သော လေးနှစ်လောက်က အဖြစ်အပျက်လေးကို ဒီပို့စ်လေးက သတိရသွားမိစေတယ်...။
မဒမ်းကိုး said...(1.9.2011)
မယုံနိုင်ဘူး နင်စွန့်ခွာသွားတဲ့ နေ့ကို
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး..
မိုးရွာရင်တော့ အိပ်ယာပေါ်ပြေးစောင်ပဲခြုံနေချင်တယ်...
(ဒါမယ့် အဲလိုဇာတ်သိမ်းရင်တော့ ငိုချင်တယ်)
ချစ်တဲ့
မဒိုးကန်
Rose of Sharon said....(1.9.2011)
မိုးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို ချစ်တယ်...:)
ညီရဲသစ် said...(2.9.2011)
ဟုတ်တယ်အစ်မ မိုးရေထဲ လမ်းလျှောက်ရတဲ့ အရသာက ဘာနဲ့မှမတူဘူး တကယ့် ဖီးလ်ပဲ... အစ်မရေ ကျွန်တော်ကတော့ ဘလော့ဂါအသစ်လေးပါ လင့်လေးယူသွားပါတယ်နော်...
Jasmine(တောင်ကြီး) said...(2.9.2011)
ကလေးဘဝက တောင်ကြီး မှာ နှင်းလိုလို မိုးလိုလို မြူလိုလို အမြဲမြင်တွေ့ရတယ် မိုးရာသီနဲ့ ဆောင်းရာသီဆိုရင်လေ.... ခုလဲ ဒီမှာ မိုးတွေရွာနေတယ် မေမေပြောတယ် တောင်ကြီးမှာလဲ မိုးတွေရွာနေတာတဲ့ မိုးနဲ့ ပတ်သက်တာတေွ အများကြီး ရှိခဲ့တယ်ထင်တယ်...။
သဒ္ဒါလှိုင်း said ....(2.9.2011)
မိုးလေး တဖြောက်ဖြောက်ရွာနေတဲ့အချိန်မှာ ထီးမဆောင်းဘဲ အင်းလျားကန်ဘောင်မှာ စိတ်ကူးတွေရွက်လွှင့်ရင်း လမ်းလျှောက်ချင်နေမိတယ် မမိုးရေ...။
ချစ်တဲ့
သဒ္ဒါ
Anonymous said..... (2.9.2011)
ခုချိန်ထိစွန့်ခွာသွားတယ်ဆိုတာကို လက်မခံနိုင်သေးဘူး
အပြင်မှာတော့ မိုးမရွာဘူး ဒါပေမယ့်အထဲမှာတော့ မိုးကြိုးတွေပစ်လို့
ညိမ်းနိုင် said ....(2.9.2011)
မိုး .... အလွမ်း....ပြီးတော့ အိန်ဂျယ်.... အင်း....
အတိတ်ကိုတောင် သတိရမိသလိုလိုဖြစ်သွားတယ်...:(
ချစ်ကြည်အေး said .... (2.9.2011)
ဖတ်လို့ကောင်းပါ့ ငါ့ညီမရယ်....
black rose said.... (2.9.2011)
ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.... မင်းကြိုက်တတ်တယ်ဆိုလို့ ဒီဆိုင်က စမူဆာလးသုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့....:)
ဟား ဟား မကြီးမိုးငွေ့ကတော့ လုပ်ပြီ စဉ်းစားမနေနဲ့အစ်မရာ ဝယ်ပြီးသုပ်စားလိုက်စမ်းပါ ညီမလေးတော့ အားပေးတယ် ရှလွှတ်...
ချစ်တဲ့ black rose
Han Kyi said....(2.9.2011)
မိုးနောက်ခံ ဇာတ်လမ်းလေးပါကလား... အရေးအသားညက်ညောတာကြောင့်ပဲ ဇာတ်လမ်းကို ရုပ်လုံးပိုရွသွားစေတယ်လို့ ယူဆမိပါရဲ့ဇာတ်လမ်းဆိုပေမယ့် စကားပြောအက်ဆေးဆိုရင် ပိုမှန်မယ်ထင်တယ် အင်း... ငယ်ငယ်တုန်းကတော့ မိုးတွေရွာရင် တခုခုတော့တခုခုပေါ့ ခံစားမိသား လွမ်းချင်တာလိုလို ဘာလိုလိုပေါ့လေ အခုတော့ မိုးရွာပေမယ့် အလုပ်သွားရတာရယ် လမ်းတွေမှာ ရေတွေပြည့်နေလို့အသွားအလာခက်ခဲတာရယ်နဲ့ပဲ မိုးတောင် ကိုယ်နဲ့ခပ်စိမ်းစိမ်းဖြစ်နေတာကြာလှပေါ့...
mstint said...(3.9.2011)
မိုးငွေ့ရေ ဝတ္ထုလေးဖတ်သွားတယ် ကိုယ့်ခံယူချက် ကိုယ့်ယုံကြည်ချက်အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုသွားတယ်...။ မိုးနဲ့ဆက်နွယ်တဲ့ တေးလေးတွေသီတော့ ဆွေးဆွေးမြေ့မြေ့လေးနော်...။
စိတ်ဓါတ်အဆင်ကြည်လင်အေးမြပါစေကွယ်...
မေတ္တာဖြင့်
အန်တီတင့်
ဆူးသစ် said...(4.9.2011)
မိုးငွေ့ဆိုတဲ့အတိုင်းပဲ မိုးနဲ့ပတ်သက်တာတွေ ရေးတာများနေသလားလို့....။ မိုးကိုတော်တော်ကြိုက်ပုံရတယ်...။ အဲဒီလိုအကြောင်းအရာတွေဖတ်ရရင် မြန်မာပြည်သာပြေးပြန်ချင်တော့တယ်...။ မိုးအေးအေးမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် လေကန်...။ ပြန်မရနိုင်တော့ဘူးထင်ပါရဲ့...။ ဘဝက ကံစီမံရာ လိုက်နေရတာကိုး...
ဖြိုးမောင်မောင် said...(4.9.2011)
မိုးထဲမှာ စက်ဘီးလေးစီးပြီး လွမ်းဆွတ်ဖူးခဲ့တာလေး သတိရစေတယ်....။
ကျန်းမာပျော်ရွှင်ပါစေ
အလင်းစက်များ said... (5.9.2011)
ဒီပို့စ်လေးဖတ်လိုက်ရတော့ ရင်ထဲနင့်သွားသလိုပဲ...။ ကိုယ့်ခင်ဗျာ အို(ဟိုင်း)....လာ...ခဲ့...ပီ လို့တွေးလိုက်မိလို့ပါဗျာ...:(
ATN said ...(9.9.2011)
မိုက်တယ်....ညီမလေး...