Quantcast
Channel: Silent is The Power
Viewing all 802 articles
Browse latest View live

ကံကုသိုလ်နှင့် ဥာဏ်ကုသိုလ်.....

$
0
0



ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ်ဆိုတာ ဒီလို ဥပမာပေးပြောပြပါမယ်...။ ဘုရားမှာ ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်ထွန်းတဲ့အခါ လက်ကအားစိုက်တွန်းနေတာတွေ မီးထွန်းညှိပေးနေတာတွေဟာ စေတနာတွေပဲဆိုတာ စိတ်မှာထင်ပေါ်နေတယ်...။ ဒါက ကံကုသိုလ်တွေပဲ...။ ဒါကိုတော့ လူတိုင်းလည်းသိနိုင်ပါတယ်...။ ဒါပေမယ့် ဥာဏ်ကုသိုလ်ကို မသိနိုင်ဘူးလို့ စိတ်မှာပေါ်သွားတယ်...။ လက်နဲ့ ဖယောင်းတိုင်ကို စိုက်လိုက်တိုင်း တွန်းလိုက်တိုင်းဟာ စေတနာတွေပဲလို့ စိတ်က သတိပြုမိနေတယ်...။ ဖယောင်းတိုင် စိုက်တိုင်း စိုက်တိုင်း စေတနာတွေက စေ့ဆော်တိုက်တွန်း နေပါလားလို့ စိတ်မှာ သတိကပ်နေတော့ဖယောင်းတိုင်မီးထွန်းတဲ့ စေတနာတိုင်းဟာ ကုသိုလ်တွေ အများကြီးဖြစ်နေတာကို သတိပြုမိသွားတယ်...။ 

ဒီလိုမြင်သွားတော့ ရှေ့စိတ်မှာဖြစ်တဲ့ စေတနာက ကုသိုလ် နောက်စိတ်မှာ သတိပြုမိတာက ဥာဏ်ကုသိုလ်ဖြစ်သွားတယ်...။ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ်က သတိရှိလိုက်တာနဲ့ တစ်ခါတည်းရနေတာပါလားလို့စိတ်မှာ ပေါ်သွားတယ်...။ ဒီတော့ ဖယောင်းတိုင်စိုက်ပြီး မီးပူဇော်တဲ့ ရှေ့စိတ်မှာ စေတနာလေး ပေါ်သွားပါလားလို့ နောက်စိတ်က သတိကိုတော့ လူတိုင်း မလုပ်တတ်ကြဘူး...။ ဒါကြောင့် ကံကုသိုလ်တော့ဖြစ်ပေမယ့် ဥာဏ်ကုသိုလ်တော့ မဖြစ်နိုင်ကြပါဘူး...။

ကံပေါ်ဥာဏ်ဆင့် -  ဒီတော့ ရှေ့စိတ်က စေတနာနဲ့ ဖယောင်းတိုင်မီးထွန်းပူဇော်တာက ကံကုသိုလ်၊ နောက်စိတ်မှာ သတိပြုမိတာက ဥာဏ်ကုသိုလ်။ ကံကုသိုလ်က သံသရာမှာ ဘ၀တွေကောင်းမယ်...။ ဥာဏ်ကုသိုလ်က နိဗ္ဗာန်ပို့မယ်...။အဲဒီမှာ ဘုရားကို ဖယောင်းတိုင်မီးထွန်းပြီး ပူဇော်တဲ့ စေတနာက ညောင်စေ့နဲ့တူတယ်...။ ဖရောင်းတိုင်မီးထွန်းတိုင်း စေတနာနဲ့ဖြစ်ပေါ်ချုပ်ပျောက်နေတဲ့ အနိစ္စသေဘာတွေကို နောက်စိတ်က သတိပမ္ပဇဉ်နဲ့ ဆင်ခြင်တဲ့ ဥာဏ်ကုသိုလ်ကတော့ ညောင်ပင်ကြီးလောက်ဖြစ်သွားတယ်..။ ကံကုသိုလ်ကို အမှီပြုပြီး ဥာဏ်ကုသိုလ်ဖြစ်သွားတယ်...။ (ကံပေါ်ကိုဥာဏ်ဆင့်တတ်သွားတယ်)။

နောက် ဥပမာတစ်ခုပြောရရင် ဗုဒ္ဓဂါယာဘုရားပွင့်တဲ့ နေရာသွားကြတော့ ဘုရားသွားဖူးတာ ကုသိုလ်ရတယ်ဆိုတာတော့ လူတိုင်းသိပါတယ်...။ ဒါပေမယ့် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ စေတနာက တိုက်တွန်းလို့ ဖြစ်နေပါလားလို့တော့ နောက်စိတ်နဲ့ သတိတော့မပြုမိကြဘူး..။ ဘုရားဆီကိုသွားတဲ့ ခြေလှမ်းတိုင်းဟာ စေတနာက စေ့ဆော်တိုက်တွန်းလို့ သွားနေတာ...။ စေတနာက မတိုက်တွန်းရင် ရွေ့မှာကို မဟုတ်ဘူး...။ အဲဒီစေတနာကို နောက်စိတ်က သတိပြုမိတော့ ဘုရားဆီရောက်အောင်သွားတဲ့ ခြေလှမ်းတိုင်းဟာ ကုသိုလ်တွေချည်းပဲတဲ့...။ ခြေလှမ်းတွေလှမ်းအောင် တိုက်တွန်းတဲ့ စေတနာက ကံကုသိုလ်၊ နောက်စိတ်မှာ သတိပြုမိနေတာက ဥာဏ်ကုသိုလ်။ အဲဒီ ဥာဏ်ကုသိုလ်ကမှ နိဗ္ဗာန်ရောက်အောင်ပို့မှာဖြစ်ပါတယ်...။

ဖြူအောင်စိတ်ကိုထား -  မြတ်စွာဘုရားရှင် အဆူဆူပွင့်ပြီး ဟောကြားခဲ့တဲ့ တရားတွေကို အနှစ်ချုပ်လိုက်ရင် (မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား)ဆိုတဲ့ ဒီသုံးခုကိုပဲ ဟောကြားသွားတာပါ...။ ဒါကို ၀ိပဿနာအတွက် လုပ်ငန်းစဉ်လို့ မသိခဲ့ဘူး...။ အမှန်က မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတာ အလုပ်ပေးတရားပါပဲ...။ ရှေ့စိတ်မှာမကောင်းမှုဖြစ်တယ်..။ နောက်စိတ်မှာ သတိရှိလိုက်တာနဲ့ မကောင်းမှုကို ပယ်ပြီးသားဖြစ်သွားတော့ ရှေ့စိတ်ဖြစ်ပျက် နောက်စိတ်မဂ်ပါပဲ...။ အကုသိုလ်ကိုရှောင် ကုသိုလ်ကိုဆောင်ဆိုတာလည်း (သတိကလည်းကိုကုသိုလ်) ပါပဲ...။ ဒီတော့ သတိရှိလိုက်တာနဲ့ အကုသိုလ်ကို ပယ်ပြီးသားဖြစ်သွားပါတယ်...။

ကံကိုဥာဏ်နဲ့စွန့်ပုံ -  မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ ရေတော်ကပ်၊ ပန်းကပ်၊ ဆီမီးထွန်း၊ ဘုရားကိုလည်း ရှိခိုးတာတွေက စေတနာတွေပါပဲ..။ ရှေ့စိတ်မှာဖြစ်တဲ့ စေတနာတွေပါ...။ အဲဒါတွေက ကံကုသိုလ်တွေပဲ...။ ဒါပေမယ့် ရှေ့စိတ်မှာဖြစ်တဲ့ ကံကုသုလ်ကို နောက်စိတ်က ငါ့ကုသိုလ်လို့ ကိလေသာနဲ့သွားစွဲလို့ စိတ်က မဖြူတော့တာ..။ ကံကုသိုလ်က စေတနာကြောင့်ဖြစ်တယ်...။ စေတနာလည်း အာရုံက ကျေးဇူးပြုမှပေါ်တာ...။ ကိုယ့်မှာ အမြဲရှိနေတာမဟုတ်ဘူး...။ ဒီစေတနာကလည်း ပေါ်ပြီး ချုပ်ပါတယ်...။ အဲဒါကို နောက်စိတ်က သတိပြုမိရင် နောက်စိတ်မှာ ဥာဏ်ကုသိုလ်ဖြစ်ပါတယ်...။ ကံဥာဏ်က အနိစ္စမြင်သွားပြီ။ ရှေ့စိတ်က ကံကုသိုလ်၊ နောက်စိတ်မှာ ဥာဏ်ကုသိုလ်ဖြစ်သွားပြီ...။ “ဥာဏ်ကုသိုလ်ဖြစ်ရင် ကံကုသိုလ်ကို စွန့်နိုင်ပါတယ်”...။

ကံကို ဥာဏ်နဲ့စွန့်နိုင်တဲ့ အတွက် ကံက အကျိုးမပေးနိုင်တော့ဘူး...။ ကံကုသိုလ်က သံသရာကောင်းကျိုးကိုပေးမယ်...။ အို-နာ- သေ တော့မလွတ်နိုင်ဘူး...။ ဥာဏ်ကုသိုလ်က သံသရာလွတ်တဲ့ နိဗ္ဗာန်ကို ရောက်အောင်ပို့တာပါ..။ ကံပေါ်ဥာဏ်ဆင့်တာမဟုတ်တော့ဘူး ကံကိုဥာဏ်နဲ့စွန့်တာပါ...။ ကံကိုစွန့်လိုက်တာနဲ့ ဒီကံက အကျိုးပေးခွင့်မရတော့ပါဘူး...။ ကံချုပ်တယ်လို့ ဆိုပါတယ်...။

ရုပ်နာမ်ချုပ်ရင် နိဗ္ဗာန်အစားထိုးပုံ -  အခု ဒီကံကုသိုလ်ရဲ့နောက်မှာ ဥာဏ်ကုသိုလ် ၀င်လိုက်တဲ့ အတွက် ဒီကံကိုသိမ်းပိုက်တဲ့ “တဏှာဖြစ်ခွင့်” မရတော့ဘူး...။ (ဥာဏ်က တဏှာကို ပယ်လိုက်တယ်) ဥာဏ်က တဏှာလည်းပယ်လိုက်ရော ဒီကံက အကျိုးပေးခွင့် မရတော့ဘူး..။ ကံကို သိမ်းပိုက်တဲ့ တဏှာစွန့်မှတော့ ကံ၏အကျိုးဖြစ်တဲ့ နာမ်ရုပ်တွေလည်း မဖြစ်တော့ဘူး....။ (နာမ်ရုပ်မရှိရင် ဘာမှမျှရှိတာ မဟုတ်ဘူး နိဗ္ဗာန်အစားထိုးပါတယ်)..။ 

လောကဆိုတာ ရုပ်တွေ နာမ်တွေ တစ်ခုပြီးတစ်ခု အစားထိုးနေတာပါ..။ ရုပ်နာမ်ချုပ်ရင်လည်း နိဗ္ဗာန်အစားထိုးတယ်...။ ပြတ်တယ်၊ စဲတယ်လည်းမရှိဘူး...။ ခိုင်တယ် မြဲတယ်လည်းမရှိဘူး...။ ဒီတော့ အတ္တဒိဠိလည်းပြုတ်ပြီပေါ့....။ ဒီလိုသိရင် ၀ိပဿနာဥာဏ်နဲ့ တဒင်္ဂပြုတ်တယ်...။ ဥာဏ်ရင့်လာရင် မဂ်ဥဏ်နဲ့ အပြီးပြုတ်ပါတယ်...။ အခုလို ကံကုသိုလ်ဖြစ်တဲ့ ရှေ့စိတ်ကို နောက်စိတ်က သတိပြုနိုင်ရင် အဲဒီ ဥာဏ်ကုသိုလ်က “ဗောဓိဥာဏဿ ပစ္စယော ဟောတု” ဆိုတဲ့ ဗောဓိဥာဏ်(မဂ်ဥာဏ်တွေ)ကို အထောက်အပံ့ကောင်းတွေဖြစ်အောင် ကျေးဇူးပြုပါတယ်...။

အလွယ်နားလည်အောင်ပြောရရင် အလှူတစ်ခုလုပ်တယ်ဆိုပါစို့...။ များသောအားဖြင့် လူတွေဟာ အလှူကို ဗန်းပြပြီး ပကာသနနဲ့လှူကြတာများတယ်...။ လူအများကို ထမင်းဖိတ်ကျွေးလို့ သံဃာတော်တွေကို ဆွမ်းကပ်ရလို့ စေတနာစိတ်(ကံကုသိုလ်)လေးတော့ရှိကြပေမယ့်... တချိန်ထဲမှာပဲ ငါလှူနိုင်ဒါန်းနိုင်ပါတယ်ဆိုတဲ့ ၀ါကြွားမှု(တဏှာ)မာန်ကို မသိစိတ်ကဖြစ်ဖြစ် သိစိတ်ကဖြစ်ဖြစ် ပေါ်တတ်တယ်..။ အဲဒီစိတ်ကလေးကို ဥာဏ်နဲ့သတိထားနိုင်ရင် ဆင်ခြင်နိုင်မိရင်(ဥာဏ်ကုသိုလ်) ရသွားပြီ...။ ဒီနေရာမှာ လူတွေရဲ့ စိတ်ဟာ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ် ပေါ်လိုက် ချုပ်လိုက်ဖြစ်တတ်ကြပါတယ်...။ 

ကျွန်မ ဒီလို ဓမ္မ ဗဟုသုတစာတွေကို ရေးတင်ပေးတာကိုပဲ ဥပမာကြည့်မယ်ဆို ကျွန်မရဲ့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေကို ဘာသာတရား ဓမ္မအသိဥာဏ်လေး ပွင့်လင်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လက်ချောင်းတွေက ကြိုးစားအားထုတ်ပြီး ကီးဘုတ်ပေါ်မှာ စာလုံးတွေပေါ်အောင် ရိုက်နေတာက ကျွန်မရဲ့ စိတ်စေတနာ(ကံကုသိုလ်)၊ တခါ ငါဒီလို ဓမ္မတရားစာအုပ်တွေကို ဖတ်တာ လူသိစေချင်တယ်ဆိုတဲ့ ထင်ပေါ်မှု(တဏှာ) ဖြစ်ခငွ့် မရှိတော့ဘဲ ဥာဏ်က တဏှာကိုပယ်လိုက်တော့ ဒီကံက အကျိုးပေးခွင့် မရတော့ဘူး...။ ကံကို သိမ်းပိုက်မယ့် တဏှာမရှိတော့ ကံရဲ့အကျိုးဖြစ်တဲ့ ရုပ်နာမ်တွေမဖြစ်တော့ နိဗ္ဗာန်အစားထိုးပါတယ်...။

မှတ်ချက်။     ။ ဒေါက်တာစိုးလွင်(မန္တလေး)ရေးသားတဲ့ ရုပ်နာမ်နှင့်နိဗ္ဗာန် သို့မဟုတ် သ-ဘာဝတရား စာအုပ်ကနေ ကောက်နှုတ်ဖော်ပြပါတယ်...။


မိုးငွေ့


Commume Wear Pop Up Shop.....

$
0
0



 







Commume Wear ဆိုတာ ကျွန်မအပါအ၀င် ရှယ်ငါးယောက်ပါတဲ့ Business သေးသေးလေးတစ်ခုပါ ..။ မြန်မာပြည်မှာက နှစ်ယောက် စကာင်္ပူကသုံးယောက်...။ အောက်မှာ CW ရဲ့ လိပ်စာတွေကို ပေးထားပါတယ် စိတ်ဝင်စားရင် ၀င်ရောက်လေ့လာနိုင်ပါတယ်..။ လောလောဆယ် ဆိုင်မဖွင့်သေးပေမယ့် လာဝယ်ချင်ရင်တော့ Instagram မှာ appointment ယူပြီး လာခါနီးဖုန်းကြိုဆက်ပေးလို့ရပါတယ်...။

Instagram: communewear.mm 
Web site  : ၀က်ဆိုဒ်ကမပြီးသေးလို့ ရရင်နောက်ပို့စ်တွေမှာ တင်ပေးပါမယ်
Facebook : Commune Wear Myanmar

ကျွန်မတို့ဆီမှာ Commune Wear, Commune Daily, Commune Life ဆိုပြီး ခုလောလောဆယ်တော့ ခေါင်းစဉ်သုံးခုအောက်ကနေ ပစ္စည်းလေးတွေရောင်းပါမယ်....။ Commune Wear မှာက သရေစစ်စစ်နဲ့ ချုပ်ထားတဲ့ ယောင်္ကျားစီး မိန်းမစီး ဖိနပ်တွေရမယ်...။ ဒီဇိုင်းကို ကိုယ်တိုင်ဆွဲပြီး ဘန်ကောက်မှာချုပ်တဲ့ Hand Made စစ်စစ်ပါ...။ Commune Daily မှာတော့ ဖန်စီနားကပ်လေးတွေ နားဆွဲလေးတွေနဲ့ နောက်ပိုင်း ရင်ထိုးလေးတွေပါရောင်းပါ့မယ်ရှင့်...။ Commune Life ကတော့ အိမ်သုံးပစ္စည်းလေးတွေ ပန်းကန်ခွက်ယောက် အလှပန်းအိုး စာရေးကိရိယာ စားပွဲထိုင်ခုံ ခြင်းတောင်းလေးတွေ အစသဖြင့် ရောင်းသွားမှာပါ...။ ခုလောလောဆယ် ဆိုင်မဖွင့်ခင် ကျွန်မတို့ ပထမဦးဆုံး ဘိုကလေးဈေးလမ်းမှာရှိတဲ့ “ပန်သူရိယ” အနုပညာဆုံမှတ်မှာ နှစ်ရက်စရောင်းပါတယ်...။ အဲဒီပွဲလေးရဲ့နာမည်ကတော့ Drink & Draw ပါ ...။ ပန်းချီဆွဲမယ့်အခန်းရဲ့ ကပ်လျက်က ပန်သူရိယစားသောက်ဆိုင်မှာ ညစာအရင်စား ဒီဘက်မှာ ပန်းချီဆွဲရင်း ၀ိုင်လည်းသောက်လို့ရတဲ့ အစီစဉ်ပါ...။ တစ်ယောက်ကို နှစ်သောင်းကျပ်လို့သိရပါတယ်..။ ပန်းချီဆွဲတာနဲ့ ၀ိုင်ပဲနော် ထမင်းစားတာမပါ...။ ၀ိုင်ကြိုက်သလောက်သောက်...။ ဘိုတွေပဲလာကြတာ မြန်မာဆိုလို့ နှစ်ယောက်သုံးယောက်လောက်ပဲတွေ့တယ်...။



 


 





 




 
 CW မှာ ကျွန်မက ငွေစာရင်းပိုင်းနဲ့ ဓါတ်ပုံကို တာဝန်ယူထားပါတယ် အောက်ကပုံလေးတွေကမတတ်တခေါက်လေး လက်စွမ်းပြထားတဲ့ ပုံလေးတွေပါ

















 

















 ဒီလူမျက်နှာ နားဆွဲလေးက ရောင်းကောင်းတယ်










Slider Balck



 Slider Gold




Slider Silver



 Horsebit Mules



 Espadrilles (Beige Black)




 Espadrilles (Black Gold)



 Men Loafer with tassels light brown



   Men Loafer with tassels dark brown



 
  မဆိုးပါဘူး နှစ်ရက်ပေါင်းကို ဆယ်သိန်းကျော်ရောင်းရတယ်




 





 




 CW ရဲ့ Crosse Over Silver လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဘိုမလေး




















ကျွန်မတို့ကို ဒီပွဲလေးမှာ ပိုက်ဆံပေးစရာမလိုပဲ ပစ္စည်းရောင်းဖို့နေရာလေးပေးခဲ့တဲ့
 Drink & Draw ရဲ့ Collaborator Ms Kelly

















 ကိုယ့်ဖိနပ်ကို ကိုယ်တိုင်စီးပြီး ကြော်ငြာရမယ်လေ




 





 













ပန်းချီဆရာမလေး Julie-Ann Pedida (Instagram: julieann.pedida.art) ရွေှ့ရောင်မျက်နှာပုံနားဆွဲလေးနဲ့မိုက်နေတယ်



ဒီဖလစ်ပင်းမလေးကို အစက မြန်မာမအောက်မေ့နေတာ အသားညိုတယ်လေ...။ သူက ဒီပန်းချီလာဆွဲမယ့်သူတွေအတွက် ပန်းချီးကားလေးတွေကို နမူနာထုတ်ပေးပြီး သူ့ပန်းချီကားတွေကိုလည်း ပြတယ် ရောင်းတယ်...။ သူလည်းပဲ Drink & Draw ရဲ့ Collaborator တစ်ယောက်..။




 ဂျူးလီ အဲဒီနေ့က ဆွဲတဲ့ပန်းချီကား





 ဒီလေးတွေက ဂျူးလီရောင်းတဲ့ ပန်းချီကားလေးတွေ 
ပန်းချီးကားချပ်တွေအကြောင်းသိပ်နားမလည်တော့ သူ့ပန်းချီက ဘာအမျိုးစားလဲမပြောတတ်ဘူး




 ဂျူးလီရဲ့ ပို့စ်စကပ်တွေ တစ်ခု 4000MMK  သုံးခုယူရင်တစ်သောင်းကျပ်




 ညိုပြာညက် မမဂျူးလီ









 
ပန်းချီဆွဲမယ့်သူ အယောက်ခြောက်ဆယ်အတွက် ဆေးဗူးတွေ




 
စုတ်တံတွေ



 




 












ဈေးရောင်းပြီး ဗိုက်ဆာ အလှည့်ကျထမင်းထွက်စားကြ ပန်သူရိယရဲ့ လေးငါးအိမ်အကျော်မှာ ဗူးသီးရှိတယ် မြန်မာထမင်းဆိုင် စားကောင်းပါတယ် ဈေးကြီးတာကလွဲလို့... ..။ ဒန်ပေါက်ကို မြေအိုးလေးနဲ့ တစ်ယောက်စာလေးတွေ ချက်တာ ခေတ်စားနေတယ်...။



 ငါးပိရည်ကတော့ လုံးဝမကောင်းဘူး












 


















 















 


မိုးငွေ့


ဗုဒ္ဓဘာသာ(၅)မျိုး.....

$
0
0
 



ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး ။ ဒီလိုအခြေအနေတွေကို သိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူ ခဲ့ပါတယ်။ အဲ့ဒီဗုဒ္ဓဘာသာ (၅)မျိုးကတော့....

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ...။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန် ။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့ ။ မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ ။ ဘုရား ဘာတရားဟောမှန်းလည်းမသိ ။ ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ် ရမှန်း လည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ...။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ ။ လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလ ဗုဒ္ဓဘာသာပါ ။

(၂)လာဘ ဗုဒ္ဓဘာသာ

လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘ လိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ..။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်.. ။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ.. ။ ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ..။ အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး ။ ကံ၊ ဥာဏ်၊ ဝိရိယ သတ္တိကြောင့်ပါ ။ အိမ်ခြံ ဝယ်မယ် ။ေ ရာင်းမယ် ။ အိမ်နေရာပြောင်းမယ် ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ...။ ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ ။ ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာ လို့ခေါ်ပါတယ် ။

(၃)ဘယ ဗုဒ္ဓဘာသာ

ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည် ။ ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည် ။ ဟိုလူမပါ ။ ဒီလူမပါ ။ ဟိုလူပသပါတယ် ။ ဒီလူပသပါတယ် ။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ် ။ ဘုရားလည်းကိုးကွယ်ရသေး၊ တရားလည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး...။ ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း ။ စဉ်းစားပါ ။ ဝေဖန်ပါ။ သုံးသပ်ပါ ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ

သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ် ။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ် ။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြား တော်မူခဲ့ပါတယ်...။ ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီး တွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ် ။ နိဗ္ဗာန်ဆိုတာ အို ၊ နာ၊ သေလွတ်ရာပါ ။ အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည် ။ ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး ။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ ။ ဘုရားရှင်ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောက်ရှောက်ထားတာပါ ။ သံဃာတော်ကို ယုံကြည်မှု ။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု ။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ် ။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက် ၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ ။ အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ် ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ် ။ မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ် ။ သိတဲ့အပြင် အမှားလမ်းကိုရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ


သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်... ။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ် ။ ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ...။ ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဒါ၊ ဖြစ်ပျက်မြင်တာက ပညာ...။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်...။ သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့...။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏...။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်...။ ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး...။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ်...။ ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ် ။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။

သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ ။သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဖို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်း လူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ် ။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေ ဖို့ပါဘဲ။
အရှင်ကောဝိဒသိရီဘလော့မှကူးယူဖော်ပြပါသည်။

ညခင်းရဲ့လမင်းဘလောဂ်မှ မိုးငွေ့ ထပ်ဆင့်ကူးယူဖော်ပြပါသည်။

မိုးငွေ့

နောင်ပွင့်တော်မူမည့် အရိမေတ္တာယျဘုရားဖူးမျှော်ချင်လျှင်.....

$
0
0


Credit to အလင်းစေတမန်

ကျွန်တော် တို့ နေထိုင်သော ဟောဒီကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ်လ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူး ပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဒီစာကိုပေးပို့သူက ကျွန်တော်ရဲ့ တစ်ဦးတည်းသော ကောင်မလေးပါ သူကျွန်တော့်ဆီ ဖုန်းဆက်ပြီးမေးလာပါတယ် အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မလဲဆိုတာသိလားတဲ့

ကျွန်တော်က အရိမေတ္တေယျ ဘုရားပွင့်မယ်ဆိုတာတော့ သိကြောင်း ဘယ်တော့ပွင့်မယ် ဘယ်လိုပွင့်မယ် ဆိုတာတော့ မသိကြောင်း ပြောပါတယ်...။ အဲဒါနဲ့ သူဒီနေ့စာအုပ်တစ်အုပ် ဖတ်ရကြောင်း အဲဒီထဲမှာ အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မယ် ဘယ်တော့ပွင့်မယ် ဘုရားရှင်ကိုဖူးမျှော်ချင်ရင် ဘာတွေလုပ်ရမယ် စတာတွေပါကြောင်း သူဖတ်ပြီး အရမ်း ကြည်ညိုကြောင်း ပြီးတော့ တစ်ခြားမသိသေးသူများကိုလဲ ဗဟုသုတ လို့ဌာသိစေချင်ကြောင်း သူအဲဒီစာကို ဖတ်ပြီးပြီးချင်းပဲစက်ထဲမှာသူကိုယ်တိုင် အချိန်ပေးပြီးရိုက်ခဲ့ကြောင်း ပြီးတော့ ကျွန်တော် ကိုအဲဒီစာကို အလင်းစေတမန်မှာ ပို့စေချင်ကြောင်း (သူကိုယ်တိုင်ပို့လည်းရပါတယ် ဒါပေမယ့်ကျွန်တော်ကိုကုသိုလ်ရစေချင်လို့တဲ့) အလင်းစေတမန်မှ တဆင့် မန်ဘာများက ဖော်ဝေါ့ပြန်လုပ်ပါက သူတို့လည်းကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါ တယ်...။ ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကို ကြည်ညိုကာ ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် လေးဖြစ်လာပါတယ် စိတ်ထဲက လည်းဆုတောင်း နေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့  ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်....။

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။

အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း
လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ...။

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။

၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။

အောက်တိုဘာလထုတ် ဂန္ဓာရီမဂ္ဂဇင်းမှ-

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာသီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်းနောင် အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာ ရှိနေမယ်။

နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။ ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-

(၁)ဘုရားဖြစ်မည့် ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီးအထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း

ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော အတိတ်အနာဂတ်ကို သိမြင်နိုင်ပြီး ပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမ ဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ ဖွားဘက်တော်၁၈ ကုဋေ အားလုံးအမတ်တွေချည်း ဖြစ်မယ်

အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း ခုနှစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။ ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကားငါ့အဖို့ နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့” ဟူသောစကားကိုအရပ်လေးမျက်နှာ ကိုကြည့်ပြီး ပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း

အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်း မကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့ တင့်တယ်ခံ့ညားသော ပြသာဒ် လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ် ။ ရွှေအိုး၏ အမောက်ကား မြေကြီးနဲ့အမျှ အောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး ။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း

အချိန်တန်လို့ အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့ အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသား ဘဝလောက် ရှိတာတောင်မှ သင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်း ရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ ပြုလုပ်ခွင့်ပေးဖို့လာပြီး တောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်း ရဲမက် ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်း ပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ်

နိမိတ်လေးပါးမြင်ခြင်း

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။

ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင် အပိုင်းပိုင်းပြတ် သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။

အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသား ပျော်အောင် ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေးသူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီးနေကြလိမ့်မယ်။

နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွစန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။

တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော် ကြောင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာ အရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း

ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီး လိုက်မယ်။

သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်...။ တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်...။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်...။ လောကပါလနတ်သား လေးယောက်က သန်လျက်ကိုကိုင်မယ် ။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်...။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်... ။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။

ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့...။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင် ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ..။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်...။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်...။

စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဥာဏ်ရသည့်အချိန်

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်...။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်...။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်...။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်...။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်..။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်...။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်....။

ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်...။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ...။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး...။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး...။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ် ပတ်ပြီးမှ သွားကြလိမ့်မယ်...။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း

အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ..။

တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွား ကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်...။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်...။

ဓမ္မစကြာတရားဟောကြွခြင်း

ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံ တိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။

ဘုရားရှင်၏တန်ခိုးတော်

ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့် နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်...။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။

ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။

ရုပ်မြင်သံကြားမေတ္တေယျဘုရား

အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့ မရှိတော့ဘူး။

အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်....။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ...။ ရွှေမဝတ်နိုင်တဲ့ သူမရှိဘူးတဲ့...။

စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန် ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှ ကိုမရှိဘူး...။

နေ့ညခွဲမရ

အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်...။

ပရိနိဗ္ဗာန်စံမည့်အရွယ်

မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် သာသနာပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့...။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်...။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်...။

အဲဒီ မဏ္ဍကမ္ဘာမှာဘုရား နှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရား တစ်ဆူသာပွင့်လိမ့်မယ်...

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား သုဘလုလင် တောဒေယျပုဏ္ဏား နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်...။

အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်

ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ

၁) ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်

၂) မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်

၃) မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်

၎) သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ်

၅) ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ်

၆) ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်

၇) ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ်

၈) ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပုဂ္ဂိုလ်

၉) အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်

၁၀) ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်

၁၁) ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်….

အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..

မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာ လေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာ ဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်...။


မှတ်ချက်။ ။ စာအုပ်ဖတ်၍ ကိုယ်တိုင်ရေးသားပြီး မျှဝေပေးသော ညီမလေးနှင့်တကွ forward mail အဆင့်ဆင့်ပို့သောသူများအားလုံး၊ ဤဘလော့ဂ်အား ၀င်ရောက်ဖတ်ရှုလေ့လာသူများ အားလုံးအတွက် ကုသိုလ်ရစေလိုခြင်းအလို့ငှာ ထပ်မံမျှဝေလိုက်ပါသည်။(စာကြောင်းများ သင့်လျော်အောင် ပြန်လည် စီထားခြင်းမှအပ မူရင်း forward mail အတိုင်းပြန်တင်ထားပါသည်)

မိုးငွေ့

စွန့်လွှတ်ခြင်း.....

$
0
0

မြတ်စွာဘုရား ဂေါတမဘုရားမဖြစ်ခင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်...။ ဂေါတမဘုရားရဲ့ စွန့်ခြင်းကြီး ငါးပါးတွေကတော့ (၁) ဓနပရစ္စာဂ - ပဒေသရာဇ် ဧကရာဇ် စကြာမင်းတို့၏ စည်းစိမ် ဥစ္စာ ရတနာတို့ကို စွန့်ခြင်း။ (၂) ပုတ္တပရိစ္စာဂ - သားသမီးကို စွန့်ခြင်း။ (၃) ဘရိယပရိစ္စာဂ - မယားကို စွန့်ခြင်း။ (၄) အင်္ဂပရိစ္စာဂ - ခြေ လက် နား နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း။ ၅။ ဇီဝိတပရိစ္စာဂ - ကိုယ့်အသက်ကို စွန့်ခြင်း။ ကံ စိတ် ဥတု အဟာရဆိုတဲ့ အကြောင်းတရားလေးပါးရဲ့ ပြုပြင်ဖန်တီးမှုကင်းတဲ့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်စံဖို့ အရာရာကို သုညဖြစ်တဲ့အထိပေးဆပ် စွန့်လွှတ်ခဲ့ရတယ်...။ 

ကျွန်မတို့ ပုထုဇဉ်တွေကတော့ တဏှာလေးတစ်ခု စွန့်ဖို့တောင်မှ တော်တော်စဉ်းစားကြရတယ်...။ ဥပမာ တချို့ဆို တရားစခန်းဝင်ဖို့ တရားထိုင်ဖို့ စိတ်အားသန်ပေမယ့် သီလရှင်ဝတ်ဖို့ကျတော့ ဆံပင်ကို မပယ်နိုင်ကြဘူး.....။ ခေါင်းတုံးကြီးဖြစ်နေရင် အလှပျက်တော့မှာ လူကြားထဲ ခေါင်းတုံးကြီးနဲ့ မသွားချင်ကြဘူး အဲလိုပေါ့...။ ဒီနှစ်ပိုင်းမှာ ကျွန်မ နေမကောင်းခဏ ဖြစ်လိုက်ကတည်းက သံဝေဂ တော်တော်ရခဲ့တယ်...။ ဒီဝါတွင်း ဥပုသ်နေ့တိုင်း ဥပုသ်သီတင်းသီလဆောက်တည်တော့ အမှားအမှန် ကုသိုလ် အကုသိုလ်တွေကို ထင်သာမြင်သာ မြင်လာတဲ့အပြင် ကိုယ်တိုင်ကလည်း အကုသိုလ် အကျိုးဆက်ကို လက်တွေ့ကျကျ ခံစားလိုက်ရတော့ အကုသိုလ်ဖြစ်မှာကို ပိုကြောက်လာတယ်...။

ပြီးခဲ့တဲ့ မွေးနေ့တုန်းက ဆေး(၁)မှာ Body လှူဖြစ်တယ်..။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ မွေးနေ့တုန်းကလည်း မျက်စေ့နားနှာခေါင်းဆေးရုံမှာ မျက်ကြည်လွှာလှူခဲ့ဖူးတယ်...။ မနှစ်တုန်းကမှ အဲဒီမျက်ကြည်လွှာလှူထားခဲ့တဲ့ ကဒ်လေးကြည့်ရင်း ရက်စွဲကိုဖတ်ကြည့်တော့မှ မျက်ကြည်လွှာလှူခဲ့တာ နှစ်နှစ်ဆယ်တောင်ပြည့်တော့မှာပဲလို့ သတိထားမိတယ်...။ ဒါနဲ့ မျက်ကြည်လွှာလှူပြီး နှစ်နှစ်ဆယ့်ပြည့်တဲ့ အထိမ်းမှတ်အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးလှူမယ်လို့  စိတ်ကူးလို့ ဒီနှစ်လှူဖြစ်သွားတယ်...။ တကယ်တော့ လူ့ခန္ဓာဆိုတာ အသက်ရှင်တုန်းပဲ အသုံးပြုလို့ရတာ သေသွားတော့ မီးသဂြိုလ် မြေမြှုပ် လောကအတွက် အသုံးဝင်စရာ ဘာမှချန်ရစ်မထားခဲ့နိုင်ဘူး...။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်အအသေကို ဆေးကျောင်းမှာ နောင်လာနောက်သားတွေ ဆေးပညာလေ့လာခွင့်ရဖို့ ဒါမှမဟုတ် အသက်သေဆုံးပြီးပြီးခြင်း အူကလီစာ အစားထိုးလိုတဲ့သူတွေ သုံးဖို့ လှူထားခဲ့ချင်တာပါပဲ..။

ဒီခန္ဓာကိုပြုပြင်ထိန်းသိမ်းနေတာဟာ တရားသဘောအရကြည့်ရင်တော့ အပုပ်ကောင် ရုပ်ဆောင်နေတယ် ဆိုပေမယ့် ခန္ဓာလှူဒါန်းထားတဲ့အတွက် အတတ်နိုင်ဆုံး ကိုယ်သေသွားရင် အသုံးဝင်မယ့် အဂါင်္တွေ များများစားစား ကျန်ခဲ့စေချင်တဲ့ သဘောနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာအောင် အပျက်အစီးနည်းအောင် အမြဲကြံဆောင်ရမယ်လို့ နှလုံးအမြဲသွင်းထားတယ်...။ အဲဒီအကြောင်းရင်းတွေကို စဉ်းစားမိလို့ ကိုယ်တိုင်လည်း တစ်နှစ်ကို ကိုယ်စွန့်လွှတ်နိုင်တဲ့ အရာတွေကို တစ်ခုရရ နှစ်ခုရရ စွန့်လွှတ်သွားမယ်လို့ စိတ်ဆုံးဖြတ်ထားတယ်...။ ခုကစပြီး ကျွန်မ ခြေသည်းလက်သည်း အရောင်လုံးဝမဆိုးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်...။ နောက်သုံးနှစ် ကျွန်မအသက် (47)နှစ်ပြည့်ပြီးတာနဲ့ စကပ် ဂါဝန် လုံးဝ မ၀တ်တော့ဘူး...။ အဲလို....တခုခြင်းရအောင်လုပ်သွားမယ်...။ အရင်က ကျွန်မ အမဲသားစားတယ် ခုမစားတာ လေးငါးနှစ်ရှိပြီ ခြေလေးချောင်းဖြတ်မယ် စဉ်းစားထားတယ် မအောင်မြင်သေးတာက ၀က်သားကို မစွန့်လွှတ်နိုင်သေးလို့..။ ကျွန်မ သက်သတ်လွှတ်ကို ၀ါတွင်းသုံးလစားရင်း ရာသက်ပန်စားနိုင်အောင် ကြိုးစားမယ်...။ ရိုးရိုးသက်သတ်လွှတ်ထက်ပြင်းတဲ့ Vegen ဆိုတဲ့ အသွေးပါလွှတ်တဲ့ သူတွေတောင်ရှိသေးတာပဲ..။ ကိုယ်စွဲနေတဲ့ တဏှာကို တဖြေးဖြေး ဖြတ်ကြည့်မယ်...။ ဟုတ်တယ် ခုချိန်မှာ ကျွန်မလှည့်ကြည့်စရာ လူမရှိတော့ရင် နောက်ဆံတင်းစရာ မရှိတော့ရင် ရာသက်ပန် သီလရှင်ဝတ်ချင်တယ်...။ မန္တလးခရီးစဉ်သွားပြီး ပြင်ဦးလွင်က ဖားအောက်ကျောင်းမှာ ရှားညိုရောင်ဝတ် သီလရှင်တွေကို တွေ့ကတည်းက တရားဓမ္မနဲ့ အေးအေးချမ်းချမ်းပဲ ဘ၀ကို နောက်ဆုံးနေ၀င်ချိန် ရောက်တဲ့အထိ ဖြတ်သန်းချင်တယ်...။


မိုးငွေ့

တရားရှာကိုယ်မှာတွေ့.....

$
0
0



အသက်လေးဆယ်ကျော်တာနဲ့ ခန္ဓာကိုယ်အတွင်းအပြင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ ယိုယွင်း ကျဆင်းလာကြတယ်...။ အနှစ်လေးဆယ်လုံးလုံး ခိုင်းစားထားတဲ့ ဒီခန္ဓာကြီး ခံနိုင်ရိုးလား...။ မကြားဖူး မဖြစ်ဖူးတဲ့ ရောဂါဝေဒနာတွေဖြစ်တယ်...။ ဒီနှစ် မိုးတွင်းက ရောဂါဘယထူပြောဆုံးလို့ ဆိုရမလား..။ မိုးရေထိတာနဲ့ ဖျားနာကိုက်ခဲကြတယ်...။ အလုပ်မှာဆို ခွင့်ယူတဲ့သူကလဲ သောက်သောက်လဲ...။ ဖျားတာက ရိုးရိုးတုပ်ကွေးတောင် မဟုတ်ကြတော့ဘူး ဆင်တုပ်ကွေးဖြစ်ကြတယ်..။ ကျွန်မက တော်ရုံ သူများတွေ ဘာဖြစ်ဖြစ် လိုက်မဖြစ်တတ်ဘူး...။ ဖြစ်ရင်လည်း ရောဂါရှာမရတဲ့ဟာမျိုး..။

ဒီကြားထဲ ကျွန်မကိုယ်တိုင် ဘုမသိဘမသိနဲ့ ဆင်တုပ်ကွေးလိုလိုဘာလိုလို ဘာရောဂါမှန်းမသိ ဖြစ်လိုက်သေးတယ်...။ အစကဒီလို...။ ဘယ်ဖက်လက်ဖျံ လက်ကောက်ဝတ်အဆစ် အထက်နားလောက်မှာ ရောင်တာ...။ နဲနဲယားတယ် ရောင်တယ် တခါတခါ တဆစ်ဆစ်နဲ့ ကိုက်သေးတယ်...။ မြန်မာလိုတော့ သွေးမှင်လေမှင်ခေါ်ကြတယ်...။ ဒါပထမဆုံးဖြစ်ဖူးတာ မဟုတ်ဘူး လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက တစ်ခါ၊ မနှစ်က တစ်ခါဖြစ်ဖူးခဲ့တယ်...။ ပထမဆုံးအကြိမ်ဖြစ်တုန်းကလည်း ဘယ်ဖက်လက်ဖျံရောင်တာပဲ...။ သုံးခါစလုံး ဘယ်ဖက်လက်ပဲဖြစ်တာ ညာဖက်လက်က တစ်ခါမှ မဖြစ်ဘူး...။ ပထမကြိမ်ဖြစ်တုန်းက လက်ကောက်ဝတ်ကို တအားလာကိုင်ရင်နာတယ် ရောင်တာက နဲနဲပဲ...။ အိမ်နားက GP ဆရာဝန်ကိုသွားပြတော့ မှတ်မိသလောက်တော့ အလာဂျီဆေးပေးတယ် အဆိပ်ဖြေဆေး တစ်မျိုးပေးတယ် သွေးစစ်ခိုင်းတယ် အဲတုန်းက သွေးတွင်းဆီများတာတို့ ဘာတို့မဖြစ်ဘူး...။ အဲဒါနဲ့ အဲတုန်းက ဆရာဝန်ပေးတဲ့ ဆေးငါးရက်စာသောက်ပြီး သူ့ဘာသာသူ ပျောက်သွားတယ်...။  မနှစ်တုန်းကတော့ ဘယ်ဖက်လက်မှာပဲထပ်ဖြစ်တယ် လက်ဖျံတော့မဟုတ်ဘူး တံတောင်ဆစ် အပေါ်လက်မောင်သား အောက်ဖက်မှာ ယားပြီး ရောင်တယ်...။ အဲဒါလည်း တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားလို့ ဘာဆေးမှတောင် မစားလိုက်ရဘူး...။

ဒီနှစ်ဖြစ်တာကမှ ထူးထူးဆန်းဆန်းတွေ....။ လက်က တစ်ပတ်ရောင်ပြီး တစ်ပတ်လောက်ပြန်ပျောက် ပြန်ဖြစ်နဲ့ သုံးခါရှိပြီ...။ အထွေထွေအထူးကုနဲ့ပြတယ် သူတို့လည်း ဘာမှန်းရေရေရာရာမသိတော့ စီဗစ်နဲ့ အရောင်ကျဆေးပဲပေးတယ်...။ အယားပျောက်ဆေးပေးတယ် ဒါပဲ...။ ဒါနဲ့ ဆရာမကြီးကို သွေးစစ်ဖို့ လိုလားလို့ အထွန့်တက်ကြည့်တော့ သူ သွေးတွင်းဆီများ မများကို အကုန်စစ်ခိုင်းတယ်...။ ယူရစ်အက်ဆစ် တက်တယ် ကျန်တာအကုန်ကောင်း...။ အဲဒါနဲ့  ခရမ်းသီး ခရမ်းချဉ်သီး မျှစ် မှို စတော်ဗယ်ရီ နဂါးမောက်သီး အဲဒါတွေပဲ ရှောင်ခိုင်းတယ်...။ မလေးရှား ကေဘီက သူငယ်ချင်းက နေလနည်းနားလည်တော့ သူ့ကို အကူညီတောင်းကြည့်တာ “အစ်မ အဲဒါ သွေးမှင်လေမှင်ဖြစ်တာ အင်္ဂလိပ်နည်းနဲ့မရဘူး မြန်မာနည်းနဲ့ကု...”တဲ့...။ အင်္ဂလိပ်ဆရာဝန်တွေက သူတို့ကို သွေးမှင်လေမှင်လို့ သွားပြောလည်း စိတ်မ၀င်စားသလို ဘာမှပြန်မဖြေဘူး...။ သူတို့ဆေးဖက်ဆိုင်ရာမှာ ဒီလို အသားရောင်တာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှိကိုမရှိတာ...။ 

သူငယ်ချင်းကတော့ ကျွန်မကို တောင်နံကတိုးသွေးလိမ်းခိုင်းတယ် ဆားကြပ်ထုပ်ထိုးခိုင်းတယ်...။ အဲနေ့က ခွင့်ယူပြီး အိမ်မှာနားတာ မှန်သွေားတယ်...။ ညကတည်း လက်ဆစ်တွေ ကိုက်တာဆိုတာ လုံးဝမခံနိုင်ဘူး...။ သူများတွေပြောတော့ ဆင်တုပ်ကွေးဆိုတာ အဆစ်တွေ အကုန်ကိုက်တယ် ပြောကြတယ်...။ ကိုယ့်အလှည့်ကျ ညာဖက် တံတောင်ဆစ်ပဲ မခံမရပ်နိုင်အောင်ကိုက်တာ...။ ညအိပ်မရတော့ ဆေးတစ်လုံးသောက်လိုက်မှ သက်သာပြီး အိပ်ပျော်သွားတယ်...။ မနက်လင်းလို့ အိပ်ယာထတော့ ခြေလက်တွေလေးလံပြီး တောင့်တောင့်ကြီး ဖြစ်နေတယ် လမ်းသေချာ မလျှောက်နိုင်ဘူး...။ လက်က တစ်ဖက်ကရောင် တစ်ဖက်ကကိုက်တော့ မျက်နှာတောင်ကောင်းကောင်း မသစ်နိုင်ဘူး...။ အဲနေ့က ကိုယ့်ဘာသာကိုယ် အိမ်မှာရှိတဲ့ ဆားကို အ၀တ်ပါးစလေးနဲ့ထုပ်ပြီး ရောင်တဲ့ နေရာကို ကြပ်ထိုးတယ်...။ တောင်နံကတိုးက ညနေမှဝယ်လို့ရလို့ ညဖက်လိမ်းပြီးအိပ်တယ်...။ နောက်နေ့တော်တော်သက်သာသွားတယ်...။ နောက်နေ့တွေ ရက်ဆက်တိုက် အနီစက်ဖုလေးတွေေ ပေါက်လာတယ် မျက်နှာကနေ ခြေဖမိုးထိ အကုန်ထွက်တာ...။ အဲကျမှ ဆင်တုပ်ကွေးမှန်းသိတယ်...။ အဖျားကမှမရှိတာလေ ဘယ်ရိပ်မိပါ့မလဲ...။ တကယ်ကြီးလုံးဝကို မဖျားတာ...။. အနီစက်တွေပေါက်ပြီးတော့ ခံတွင်းမှာ အပူကြွလို့ အစားကောင်းကောင်းမစားနိုင်ဘူး...။ ဗီတာမင်ဘီတူး တစ်နေ့နှစ်လုံးသောက်တာတောင် တစ်ပတ်လောက်ကြာတယ်...။

ခု ဒီနှစ်ရဲ့ သုံးကြိမ်မြောက်လက်ရောင်တာကို ဆေးခန်းမပြချင်တော့လို့ ဆေးဆိုင်ကနေ လုပ်ပြီးသား ဆားကြပ်ထုပ်ဝယ်လိုက်တယ်...။ တကယ်သူ့နည်းက ရေနွေးဆူ အိုးဖုံးပေါ်မှာ မစိုစေဘဲ ခံနိုင်သလောက် အပူခံပြီး ကြပ်ထိုးရတာ....။ ဆားခါးကြပ်ထုပ်လို့မေးဝယ်လို့ရတယ်...။ ဆားခါးကို ရေနွေးနဲ့ဖျော်ပြီး ရေချိုးပေး ခြေထောက်စိမ်တာတို့လုပ်ပေးရင် ပိုကောင်းတယ်တဲ့...။ တကယ်တမ်း ဒါနဲ့လည်းမတိုးပါဘူး လက်က ရောင်မြဲရောင်ဆဲ ကျမသွားဘူး ဘယ်လက်ဖမိုးကနေ တတောင်အောက်နားထိက ပြေးနေတာ ဒီနေ့ လက်ဖျံရောင်မယ် နောက်နေ့လက်ဖမိုးရောက်ချင်ရောက်သွားရော...။ အဲဒါနဲ့ အထူးကုဆရာမကြီးဆီ ပြန်သွားတယ် ထုံးစံအတိုင်း ရင်ကျပ်လား အဖုအကျိတ်တွေထွက်လား မေးတယ် သွေးချိန် ပေါင်ချိန် နားကျပ်နဲ့နားထောင် အရောင်ကျဆေး နဲ့ ဒီတစ်ခါ ယူရစ်အက်ဆစ်ကျတဲ့ဆေးပါ ထည့်ပေးတယ် အဲဒီဆေးတွေကို ဗိုက်တာမင်စီတစ်လုံးနဲ့တစ်နေ့နှစ်ကြိမ်တွဲသောက် နှစ်ပတ်နေ ပြန်လာပြတဲ့...။

သူနဲ့ပြပြီး တစ်ပတ်ကြာတဲ့အထိ အဲလိုပဲ ရောင်နေသေးတာနဲ့ တစ်နေ့တစ်နေရာပြောင်းရင် သက်သာမလာဘူး...။ ရုံးမှာ ကျွန်မကို အမြဲတရားအကြောင်းပြောပြတတ်တဲ့ အန်တီကြီးတစ်ယောက် ရှိတယ်...။ အဲဒီအန်တီက အရင်က ဆရာဝန်ပဲ ခုအငြိမ်းစားသွားလို့ သူ့ကို သမီးလက်က ဒီလိုပဲလို့ပြောပြတော့ သူက အကြောတွေပိတ်နေတာလို့ပြောတယ် Limpid block ဖြစ်တာတဲ့...။ လူတွေရဲ့ ခန္ဓာကိုယ်မှာ ဓါတ်ကြီးလေးပါးနဲဖွဲ့စည်းထားတဲ့အထဲမှာ သွေးကြောဆိုတာ တေဇောဓါတ်...။ ပထ၀ီ တေဇော အာဘော ၀ါယော ဓါတ်ကြီးလေးပါး ညီညွှတ်မျှတမှ ကျန်းမာမှာ...။ ဒါကြောင့်လူတစ်ယောက်ကို လူလို့မမြင်ဘဲ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာလို့မြင်တတ်ရင် မောဟပြုတ်ပြီပေါ့..။ ဒါက တရားအနေနဲ့ကြည့်တာကိုပြောပြတာ...။ အန်တီက စင်တာတစ်ခုမှာ နိုင်ငံခြားက လာဖွင့်တဲ့ လျှပ်စစ်ဖျာထိုင်ခုံမှာ သွားစမ်းထိုင်ကြည့် သူက ဘေးနာမှာ လေသန့်စက်ထားပေးပြီး ကိုယ်ကထိုင်ရုံပဲ အဲဒီဖျာကတစ်ဆင့်လွှတ်ထားတဲ့ လျှပ်စစ်ဓါတတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိတ်နေတဲ့သွေးကြေတွေ ဆဲလ်အသေတွေ မကောင်းတဲ့ဆဲလ်တွေကို ပြုပြင်ပေးတယ် ဖွင့်ပေးတယ်တဲ့...။

ဒါနဲ့ အဲဒီစင်တာမှာ စာရင်းသွားပေးပြီး နာရီဝက်ထိုင်ကြည့်တယ် ပိုက်ဆံပေးစရာမလိုဘူး အခမဲ့...။ အားလုံးလာထိုင်တဲ့သူတွေက အသက်ကြီးကြီး အဖိုးဖွားတွေများတယ် လေဖြတ် လေငန်းဆွဲဖူးသူတွေ အကြောမကောင်းတဲ့ သူတွေများတယ်...။ ကျွန်မတစ်ယောက်ထဲ လက်ရောင်တယ်ဆိုလို့ မှတ်တမ်းလာယူတဲ့ ကောင်လေးမျက်နှာက နဲနဲထူးဆန်းသွားတယ်...။ ဘာလို့ရောင်တာလဲ ခိုက်မိလို့လားတဲ့...။ ဟင့်အင်း သွေးမှင်လေမှင်လို့ထင်တာပဲလို့ဖြေတော့ သူက နားမလည်သလို ကြောင်တောင်တောင် အမူအရာနဲ့ လျှပ်စစ်ဖျာပေါ်ထိုင်ရင် ရေသန့်တစ်လီတာဗူးကို ထိုင်နေတဲ့ နာရီဝက်အတွင်း အကုန်သောက်ရမယ်တဲ့ မကုန်လဲရတယ် ကုန်ရင်တော့အကောင်းဆုံးပေါ့..။ စထိုင်တာနဲ့ ရှင်းပြတဲ့ ကောင်လေးနဲ့ လာထိုင်တဲ့သူတွေ အပြန်အလှန်နှုတ်ဆက်ရတယ် ပထမဆုံး လက်အုပ်ချီ မင်္ဂလာပါ Good Morning လို့နှုတ်ဆက်ပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်ဆန့်ပြီး ၀ါကီဝါကီလို့ အော်ရတယ်...။ ဟာ... တော်တော်ကြောင်တဲ့ အလုပ်ပဲ...။ အဲလိုအသံကျယ်ကျယ်လေး ဖွင့်အော်လိုက်တာကိုက အတွင်းထဲက ပျော်ရွှင်ကြည်နူးစိတ်တွေကို ဖြစ်ပေါ်စေတယ်လို့ ပြောတယ်...။ အဲဒါကိုကြည့်ပြီး နောက်နေ့တွေ ဆက်မထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်..။ အမှန်တော့ ဒါမျိုးက လုပ်ရိုးလုပ်စဉ်တွေပါပဲ.. ဘာမှမထူးဆန်းဘူး..။ အဲမှာ အရှေ့ကနေ ရှင်းပြတဲ့ ကောင်လေးက လျှပ်စစ်ဓါတ် တကယ်လွှတ်မလွှတ်ကို စမ်းသပ်ပြပါတယ်...။ ဖျာပေါ်ထိုင်တဲ့သူရဲ့ လက်သီးဆုပ်ကို သူလက်နဲ့ထိတော့ ဓါတ်လိုက်သလို ခံစားရတယ်...။ အဲဒါ လျှပ်စစ်လှိုင်းရှိနေတာကို သက်သေပြတာ...။ ကိုယ်က ရေကို တစ်နေ့ သုံးလီတာရအောင် သောက်နေကျဆိုတော့ နာရီဝက်အတွင်း သူများတွေ 300ml ဗူးသေးသေးလေးပဲ ကုန်တဲ့ အချိန်မှာ ကျွန်မက တစ်လီတာ အကုန်ကုန်အောင်သောက်တယ်...။

ခုနှစ်တန်း ရှစ်တန်းလောက်တုန်းက ဒူးဆစ်တွေကိုက်ဖူးတော့ တရားဘယ်လိုထိုင်ရတယ်ဆိုတာ စနစ်တကျမသိပေမယ့် ၀င်လေထွက်လေမှတ်ရင်း ကိုယ့်ဘာသာကိုယ်ကုခဲ့ဖူးတယ်...။ အဲတုန်းက သိသိသာသာပျောက်သွားတယ်....။ ခုလည်း ဆေးမတိုး ဘာမှန်းမသိတဲ့အတူ တရားမှတ်ကြည့်မယ်လို့ ဆုံးဖြတ်ပြီး လုပ်ကြည့်တယ်...။ တကယ်တော့ စိတ်နဲ့ကုတာလောက် ဘာမှမစွမ်းဘူး...။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ် အဲဒါအရေးအကြီးဆုံးအချက်ပဲ..။ သြော်... ရုံးက ဆရာဝန်အငြိမ်းစားအန်တီက ကျွန်မကို ရေခဲကပ်ကြည့်ပါလားလို့ ပြောတာကို သတိရလို့ ဆေးအရောင်းဆိုင်မှာ Ice Pad လေးတစ်ခု ၀ယ်ပြီး ရေဖြည့် အခဲခံပြီး ရောင်တဲ့ နေရာ ကပ်ကြည့်တာ ...... နောက်ဆုံး တရားမှတ်တာနဲ့ ရေခဲကပ်တာ လုပ်တာ နှစ်ရက်နဲ့ လုံးဝပျောက်သွားတယ်...။

လူတွေအတော်များများဟာ ကိုယ်ကျန်းမာနေရင် ကိုယ့်ကိုယ်ကို မေ့နေတတ်ကြတယ်...။ ခလုတ်ထိမှ အမိတတတ်ကြတယ် ကျွန်မကိုယ်တိုင်အပါအ၀င်ပါပဲ...။ ခုခေတ်က ထစ်ခနဲဆို ဘာကင်ဆာ ညာကင်ဆာဖြစ်ကြတယ်...။ အဲလို ရောဂါကပ်ဆိုးကြီးမဖြစ်ရလေအောင် လုပ်ဆောင်ရမှာက လွယ်လွယ်လေးပဲ ဒါပေမယ့် အဲဒီလွယ်လွယ်လေးကိုပဲ လူတွေက မလုပ်နိုင်ကြဘူး လုပ်ဖို့မေ့နေတတ်ကြတယ်...။ ပြီးတော့ အဲဒီအချက်ကို လုပ်ဖို့ကလည်း ဒီခေတ်အခါရဲ့ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် မြို့ပြနေလူတွေက ပိုလို့မလုပ်နိုင်ကြဘူး...။ အဲဒါကတော့ အောက်ဆီဂျင်ကို ၀၀ရှူဖို့ပါပဲ..။ ကျွန်မတို့တွေ နေ့တဓူဝ လှုပ်ရှားသွားလာနေပေမယ့် အသက်ကို ပြင်းပြင်းရှူဖို့ လေကို ၀၀မရှူရှိုက်ဖို့ မေ့နေတတ်ကြတယ်...။ တခါတခါ သတိရတဲ့ ငါအသက်ရောရှူရဲ့လားလို့ ကိုယ့်ကိုယ်ကို သံသယဖြစ်မိတယ်...။ အေးလေ မရှူရင်သေသွားမှာပေါ့နော့...။ ပြောချင်တာက  မနက်မိုးလင်းတိုင်း ကိုယ့်အိမ်ဝရံတာဖြစ်ဖြစ် ခြံဝင်းထဲဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်းလေးလုပ်ပေးကြပါ....။ အရင် ကျွန်မတို့ စမ်းချောင်းဖက်မှာ နေတုန်းကတော့ ပြည့်သူ့ရင်ပြင်မှာ ထိုက်ကျိမနက်တိုင်း ကစားဖြစ်တယ်...။ ထိုက်ကျိဆိုတာလည်း တရုတ်လူမျိုးတွေက ဆင်းသက်လာတဲ့ အသက်ရှူလေ့ကျင့်ခန်းတစ်မျိုးပဲ...။

ဘာကြောင့် အောက်ဆီဂျင်ကို ၀၀ရှူခိုင်းသလဲဆိုတော့ ဟိုတလောက ဆောင်းပါးတစ်ပုဒ်ဖတ်ရတယ်...။ ကင်ဆာရောဂါဆိုးကို ကာကွယ်နိုင်မယ့် နည်းလမ်းဆိုတဲ့ ဆောင်းပါး...။ သူပြောထားတာ အောက်ဆီဂျင်၀၀ရှူရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေ ထပ်တိုးပွားမလာနိုင်တော့ဘူး...။ ကင်ဆာဆဲလ်ဆိုတာ လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ ရှိနေပြီးသား...။ အစားအသောက်ကြောင့် အနေအထိုင်ကြောင့် ပြီးတော့ စိတ်ကြောင့်လဲ ကင်ဆာဆဲလ်တွေတိုးပွားစေနိုင်ပါတယ်...။ မြို့ပြနေ လူတွေမှာ ပိုအဖြစ်များမယ်ထင်တယ်...။ ဘာကြောင့်လဲဆိုတော့ ကားကျပ်တယ် ကိုယ်တိုင်မောင်းတော့ စိတ်ဖိစီးမှုများတယ် လေသန့်သန့်လည်းမရှူရဘဲ ဆီငွေ့တွေ ဓါတ်ငွေ့တွေကို နေ့စဉ်ရှူနေရတယ် အစားအသောက်ထဲက ဆိုးဆေး တာရှည်ခံဆေး မလတ်ဆတ်တော့တဲ့ အစားအစာ ရယ်ဒီမိတ် အဲဒါတွေ အများကြီးပါတယ်...။

တနေ့သေရမယ်ဆိုတာ သိလျက်နဲ့ အသက်ရှင်နေချိန်မှာ လူတွေဟာ ကျန်းမာရေး အလှအပ စတာတွေကို တာရှည်ခံအောင် ကြံဆောင်နေကြတယ်...။ အသားရည်မတွန့်အောင် ဆေးထိုး ခွဲစိပ်ပြုပြင်ကြတယ်...။ အို နာ သေ ဘေးကနေ မလွတ်မြောက်နိုင်မှန်းသိသိနဲ့လည်း တဏှာကို စွဲလန်းနေကြတယ်...။ လူတိုင်း အိုရမှာ နဲ့ သေရမှာကို မကြောက်ဘူးပဲထား နာရမှာကိုတော့ ဘယ်သူမှ ခံစားချင်မှာမဟုတ်ဘူး...။ ဒါကြောင့် မအိုအောင် ဆေးထိုး ဆေးစားမယ့်အစား မနာအောင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်တယ်...။ အားလုံး အနိစ္စ သဘောနဲ့ ကြည့်တတ်ရင် ဘာမှ တပ်မက်တွယ်တာစရာကိုမရှိဘူး...။

အားလုံးရောဂါကင်းဝေး ကျန်းမာ ချမ်းသာကြပါစေ....

မိုးငွေ့

Instagram photos (7).....

$
0
0
 
ညစာကို ထမင်းလွှတ် ခရမ်းချဉ်သီးငပိချက် ကင်မွန်းချဉ်ဟင်းချို ၀က်ပေါင်ခြောက် မှိုကန်ဇွန်း KFC



ဆိတ်ထောင်းလက်ဖက် ဇရမ်းနှပ် ဒညင်းသီး အဖိုးကြီးသုပ်



တခုသော မနက်စာ ရေတစ်ဖန်ခွက် ကာဖီတစ်ခွက် cripsy Donut တွေထဲမှာ
သိပ်မချိုဘူးလို့ထင်ရတဲ့ သစ်ဂျပိုးခေါက်မှုန့်နဲ့သကြားဖြူးထားတဲ့ ဒိုးနပ်



City Mall မှာရှိတဲ့ Chong Qing Grill Fish ဆိုင်က ကြက်သားထမင်းကြော်



City Mall မှာရှိတဲ့ Chong Qing Grill Fish ဆိုင်က  မာလာငါးဟင်း



City Mall မှာရှိတဲ့ Chong Qing Grill Fish ဆိုင်က ဘိုစားပဲမီးကျွမ်းကြော်



City Mall မှာရှိတဲ့ Chong Qing Grill Fish ဆိုင်ကဆားဘဲဉ မန်ထိုကြော်



သူတို့ထမင်းပန်းကန်လေးလှလို့



အိပ်ခါနီး နို့အေးလေးတစ်ခွက်



ဆရာကျားရဲ့ကြောင်စာ (ခုထိမဖတ်ရသေးပါ)



ကျောက်ကုန်းမှာ ဆိုင်ခွဲလာဖွင့်ထားတဲ့ ရှမ်းရိုးရာဆိုင်က ၀က်ခေါက်ကိုက်လန်ကြော်



ရှမ်းရိုးရာ တိုဖူးကြော်



ရန်ကင်း ရဲစခန်းရှေ့ Taungu Food House ဆိုင်က တောင်ငူမုန့်ဟင်ခါး



တောင်ငူတိုဖူးသုပ်ချဉ်ငံစပ် မုန့်ဟင်းရည်လေးက ကျဲကျဲလေးနဲ့ ငှက်ပျောအူနုနုနဲ့ချိနေတာရော
ရန်ကုန်မြို့ရဲ့အကောင်းဆုံးစားသောက်ဆိုင်များတည်ရှိရာ ရန်ကင်းမြို့နယ်



မြန်မာပလာဇာ ဂျပန်စတိုးရှေ့ အမေဇုံကဖီးမှာ ကော်ဖီသောက်တုန်း သူကလေးနဲ့တွေ့ရှိ
ကိုအာကြီး (Rဇာနည်)ရဲ့သားငယ်လေး ချစ်ချစ်တုန် သူ့အဖေကိုကွယ်လိုက် ချောင်းကြည့်လိုက်နဲ့ ကျွန်မနဲ့ Peekaboo ကစားနေတာ



Mocha coffee ဟာ ကျွန်မသောက်နေကျ ကော်ဖီမဟုတ်ပေမယ့်  The Coffee Bean and Tea Leaf ဆိုင်မှာတော့ ကျွန်မစွဲစွဲမြဲမြဲသောက်ဖြစ်နေတဲ့ ကော်ဖီ ပြီးတော့ banana muffin မုန့်သားကောင်းပြီး
သီးအယ်သီးများများနဲ့ သိပ်စားကောင်းတယ်



 လက်ဖက်သုပ်ကို အဲလိုကြက်ဉပြုတ်ပျော့ပျော့လေးနဲ့စားရတာကြိုက်တယ်



ဟရေး....အမားကြီး



Trade Mark မှာဆိုရင် Ice Lemon Tea အမြဲသောက်တယ် ဒီတစ်ခါမှာတော့ အပူမှာသောက်ကြည့်တာ ကောင်းသားပဲ (Charcoal Sandwich) ကတော့ အရောင်ကဆွဲဆောင်မှုရှိပေမယ့် မုန့်သားက ကြမ်း



အိမ်၀ရံတာမှာ ခရမ်းချဉ်သီးပင်လေးပွင့်နေပြီ



ငရုတ်ပင်က အခုအသီးတွေတော်တော်သီးနေပြီ မခူးပဲ အမှည့်ထားပြီး ငရုတ်သီးခြောက်လုပ်မလားလို့ ဟဟ



ရုံးမှာ အညာအထက်ပိုင်း ရှမ်းနယ်စပ်ကလာတဲ့သူ နှစ်ယောက်လောက်ရှိတော့
အဲဒီက ရှမ်းကြီးအစားစာဖြစ်တဲ့ မုံညင်းပေါင်းလုပ်စား



သုံးနေကျ color pop နှုတ်ခမ်းဆိုးဆေး အနီရဲရဲလေးကုန်သွားတော့
Maybelline ကအသစ်ထွက်တဲ့ Super Stay Matte Ink ၀ယ်လိုက်တာ
 ဟိုးအရင်လေးငါးနှစ်တုန်းက သုံးဖူးခဲ့တဲ့ Loreal Won't Kiss Off ထက်ပိုကောင်းတယ်



မနက်စာဘာမှမရှိရင် ဒါလေးနဲ့လည်းဖြစ်တာပဲလေ



ကျွန်မတို့ Commune Wear ရဲ့ ဒုတိယစီးရီးမှာရင်း နမူနာပိုချုပ်ပို့ပေးတဲ့ ဖိနပ်လေး သရေစစ်တော့ စီးရတာအိစက်ညက်ညော စီးပြီးပြန်မချွတ်ချင်ဘူးဆိုတာ CW မှာ ဖိနပ်လာ၀ယ်တဲ့သူတိုင်းပြောနေကျစကားလေး


Unicode ပြည်ထောင်စုဖောင့်နဲ့ပြောင်းရေးတော့ ဖတ်ရတာအဆင်ပြေလားမသိ အားလုံး ပြောင်းပြီဆိုတော့ ကျွန်မလည်း လက်ကွက်မှတ်မိအောင် စကျင့်ပြီးရေးကြည့်ရင်း ဒီပို့စ်ကိုတင်လိုက်တာ....။


မိုးငွေ့

News.....

$
0
0



လာမယ့် ဒီဇင်ဘာလဆို ကျွန်မရဲ့ ဘလော့ တစ်ဆယ့်တစ်နှစ်ပြည့်ပြီ....။ အမှတ်ရအဖြစ် ကျွန်မက နိုဝင်ဘာလကစပြီး တင်ပြီးခဲ့တဲ့ ပို့စ်အဟောင်းတွေထဲက ကျွန်မအနှစ်သက်ဆုံး အက်ဆေး ဝတ္ထုတို ကဗျာနဲ့ တခါတုန်းကတို့ရွာမှာ ဆောင်းပါးလေးတွေကို လက်ရွေးစင်ပြန်တင်ပေးဖို့ စိတ်ကူးထားပါတယ်...။ အကြိုက်ဆုံး ပို့စ်တွေကို တစ်လ ဆယ်ပုဒ်နှုန်းနဲ့ အပုဒ် ၂၀ တင်မယ်လို့ ရည်ရွယ်ထားပေမယ့် အခုရွေးထားတာ အပုဒ် ၂၀ ကျော်နေပြီ....။ ပို့စ်အဟောင်းတွေကိုအကုန် ပြည်ထောင်စုဖောင့်နဲ့ ပြန်ရိုက်ရမှာမို့... ခုကတည်းက အားရင် အားသလို စရေးနေပါပြီ....။ စာဖတ်သူအသစ်ရော စာဖတ်သူအဟောင်းများပါ မဖတ်ရသေးတာ ဖတ်ပြီးတာတွေကိုလည်း အားပေးပါဦးလို့....။ စာဖတ်သူတွေကို ဆရာမလုပ်ဘဲ စိတ်ခံစားမှုပေးစွမ်းနိုင်မယ့် အခုခေတ်လူငယ်တွေပြောသလို ခပ်လွင့်လွင့်လေးဖြစ်မယ့် ကျေနပ်စရာကောင်းမယ့် ပို့စ်တွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...။


ကျေးဇူးတင်လျက်
မိုးငွေ့


My New Hair Style.....

$
0
0
 ညှပ်ပြီးထွက်လာတဲ့နောက်ဆံပင်ပုံ



ရာသီဥတုအရမ်းပူတာရယ်.... ဆံပင်ကျွတ်လို့ အရှည်ထားတာ စည်းရတာအဆင်မပြေတာရယ် ...ဆံပင်ပုံလည်းပြောင်းချင်တာရယ်ကြောင့် ညှပ်နေကျ တိုနီထွန်းထွန်းတပည့်အစ်မက ဆိုင်ခွဲသွားတာမို့ ဆရာ(တိုနီထွန်းထွန်း)ဆီမှာပဲညှပ်ဖြစ်လိုက်တယ်...။ တကယ်ညှပ်ချင်တာက အပေါ်ပုံ ကိုယ့်ဆံသားနဲ့ ဒီပုံအဆင်ပြေမယ်မထင်ဘူးလို့မှတ်ပြီး အောက်ပုံလေးကိုပြပြီးညှပ်တာ ဆရာက ကျွန်မဆံသားအနေအထားနဲ့ ညှပ်ပေးလိုက်တာ တကယ်ညှပ်ချင်တဲ့ပုံလေးရလိုက်တယ်...။ အရမ်းတော့တိုသွားတယ် မိန်းမဆန်တဲ့ပုံလေးတော့မဟုတ်တော့ဘူး ...။ ဂုတ်လေးမှာကျွန်မက ဘဲမြီးလေးပါတယ်...။ အဲလိုပဲအချွန်လေးညှပ်ပေးထားတယ်...။



ဒီပုံလေးတော့ မိန်းမဆန်တယ်ဆိုပြီးရွေးထားတာ ဆံပင်ကနဂိုကောက်တော့ အပေါ်ပုံလေးနဲ့ပဲအဆင်ပြေသွား



တကယ်တမ်း ကျွန်မခုညှပ်ပစ်လိုက်တဲ့ Bob ပုံလေးက နောက်နှစ်ကျမှညှပ်မယ်ဆိုပြီး ရည်ရွယ်ထားတာ...။ အခုတော့ အသက်ငါးဆယ်ကျော်ရင်အတိုညှပ်မယ့် plan က ခြောက်နှစ်လောက်စောသွားတယ်...။ ခုတလော ပို့စ်တင်ဖို့အချိန်လုရတယ်...။ Commune Wear ဆိုင်က ဖွင့်ခါနီးပြီမို့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖြည့်...။ ဆိုင်က officially မဖွင့်သေးပေမယ့် နေ့တိုင်းရောင်းနေရတော့ ပြန်ပြန်ဝယ်ဖြည့်နေရတာနဲ့ ဓါတ်ပုံရိုက်တဲ့အလုပ်နဲ့ ကိုယ့်ဟာကိုယ် ချာလပတ်ရမ်း....။ မန္တလေးက ညီမလေးတွေဆို သိပ်ချစ်ဖို့ကောင်း နားကပ်တွေ ဖိနပ်တွေကိုယုံကြည်စိတ်ချစွာနဲ့ အွန်လိုင်းကနေကို ပျော်ပျော်ကြီး လှမ်းဝယ်ပြီး အားပေးကြတာ... တကယ်ကျေးဇူးတင်ပါတယ်...။




နဂိုကောက်ဆံသားဆိုတော့ ရှည်လာရင်ဒီပုံလေးဖြစ်သွားလိမ့်မယ်...




 ကျွန်မက နားပေါက်မရှိတော့ ဒီလိုညှပ်နားကပ်လေးဝတ်ရတယ်...
 ဒီနားကပ်လေးမှာ နာမည်လေးရှိတယ် meemee gummy bear တဲ့ 
ခုညှပ်ထားတဲ့ ဆံပင်ကေနဲ့ နားကပ်အလန်းလေးတွေနဲ့ မိုက်နေသူပေါ့



 အဝါလေးတစ်ခုပဲ ကျွန်မတို့ဆိုင်ကနားကပ်လေးပါ ကျန်တာတွေကတော့ 
ဟိုရှေးကတည်းက ကျွန်မကပ်နားကပ်နဲ့ချိတ်ပြီးဝတ်ခဲ့ဖူးတဲ့ ဒီဇိုင်လေးတွေပါ



 ဒီနားကပ်လေးလည်း ဆိုင်ရဲ့ best seller တစ်ခုပါ






Product လေးတွေကို ဓါတ်ပုံရိုက်ရတာ ထင်သလောက်မလွယ်လှဘူး....။ ကိုယ်က သင်တန်းလည်းမဆင်းထားတော့ ရမ်းတမ်းရိုက်နေရတာပါ...။ ဓါတ်ပုံဆိုလို့ လာမယ့် နိုဝင်ဘာ 16-17 နှစ်ရက်ကို Art Zone မှာ ကျွန်မတို့ တချိန်က ဘလော့ဂါတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ကဗျာဆရာမအနှိုင်းမဲ့ရဲ့ ဓါတ်ပုံပြပွဲရှိပါတယ် ကျွန်မကိုလည်း ဖိတ်ထားတာမို့ အဲနှစ်ရက်ထဲက တစ်ရက်တော့ သွားကြည့်ဖြစ်မယ်...။ ပညာတွေသွားလေ့လာရမယ်...။ ဓါတ်ပုံရိုက်ရတာ အောက်ဒိုးကပိုခက်တယ် အလင်းအမှောင်ကိုချိန်ရတာ ကိုယ်လိုချင်တဲ့အလင်းမျိုးမရရင်  နေကိုစောင့်ရသေးတယ်.... ရိုက်နေရင်းမိုးအုံ့သွားရင်လဲ ခက်ပြန်ရော...။ ကျွန်မ နားကပ်လေးတွေကိုလည်း သဘာဝအလင်းနဲ့ပဲရိုက်တာမို့ လိုချင်တဲ့အလင်း အရိပ်ကျတာတွေကို သူ့နေရာနဲ့ တစ်ရက်ကို တစ်နာရီ နှစ်နာရီလောက်ပဲရိုက်ချိန်ရတယ်...။



ဘလော့ဂါအနှိုင်းမဲ့ရဲ့ ပြပွဲအစီစဥ◌်လေးပါ



website အတွက်ဆိုတော့ အဖြူခံတွေနဲ့ပဲရိုက်ရတာ 







 ဆိုင်မှာတောင်မချိတ်ရသေးဘူး ဒီပုံလေးတွေက






















































ကောင်းသောနေ့လေးပါ.....:)

မိုးငွေ့

မီးမီး.....

$
0
0

ဘယ်သူဓါတ်ပုံရိုက်တာမှမခံလို့ ဖေဖေကိုယ်တိုင်ရိုက်ပေးတော့မှ အဲလိုပဲလေးထုတ်ပြီးအရိုက်ခံ


ကျွန်မကိုစမွေးတော့ မေမေတို့မောင်နှမတွေအတွက် တူမဦးလေးဖြစ်ခဲ့သလို အဖိုးအဖွားတွေအတွက်လဲ မြေးဦးလေးဖြစ်ခဲ့ပါတယ်....။ မြေဦးတို့ထုံးစံအတိုင်း တစ်အိမ်လုံးဝိုင်းချစ်တာခံရတာပေါ့...။ ချစ်စရာကောင်းတဲ့ သမီးလေးမို့ ဖေဖေကိုယ်တိုင် "မီးမီး"လို့ အိမ်နာမည်လေးပေးခဲ့တယ်...။ မေမေဆိုရင် ကျွန်မကိုမွေးပြီးကတည်းက သိပ်မထိန်းလိုက်ရဘူးလို့ပြောတယ်....။ မေမေ့ညီမအငယ်ဆုံးတွေဖြစ်တဲ့ အဒေါ်အမွှာနှစ်ယောက်နဲ့ ကျွန်မ ဆယ်နှစ်တိတိကွာပါတယ်...။ ကျွန်မကို မွေးတော့ အိမ်မှာပဲမွေးပါတယ်...။ အဲဒီနေ့က အမွှာအဒေါ်တွေက စာမေးပွဲဖြေမယ့်ရက်ကို ကျောင်းရောက်ပြီး ကလေးလေးကို စာမေးပွဲခန်းမဝင်ခင်ပြန်ပြေးလာကြည့်ကြသေးတယ်တဲ့....။

မီးမီးရဲ့ ရှူရှူးပေါက် အီအီးပါထားတဲ့ အနှီးဝတ်တွေကိုလည်း လုလျှောကြရတာမောဆိုပဲ...။ ညဖက် နို့ဗူးထဖျော်ကြတာလည်း သူတို့ပဲတဲ့...။ ဒီတော့ မီးမီးမွေးဖွားလာခြင်းဟာ သူတို့တွေအတွက် ကစားစရာအရုပ်တစ်ရုပ်ရလိုက်သလိုပါပဲ...။‌ နေ့ညလုပြီးတော့တောင်ထိန်းပေးကြတယ်...။ ဒီတော့ အဲဒီအဒေါ်တွေ ဘယ်သွားသွား မီးမီးမပါတဲ့ နေရာမရှိသလောက်ဖြစ်လာခဲ့တယ်...။ တခါက အဖိုးဆန်စက်ရှိတဲ့ မြေနီတောင်ကုန်းလေးတစ်ခုမှာ မီးမီးကို စက်ဘီးနဲ့တင်နင်းပြီးလဲကျလို့ စက်ဘီးလက်ကိုင်နဲ့ မီးမီးရင်ဘတ်စောင့်မိလို့ မျက်ဖြူလန်ပြီး အသက်ရှူမရတော့လို့ နှစ်ယောက်သားကလေးကိုချီပြီး လှုပ်ခါရမ်းလိုက်တော့မှ ငိုသံထွက်လာတော့မှ သက်မချနိုင်တော့တာတဲ့...။ ကြည့်ဦးတော်သေးတာပေါ့ သူတို့က အသက်ကယ်နည်းလေး သိနေပေလို့...။ နို့မို့ဆို မီးမီးဆိုတာ ခု မိုးငွေ့လည်းဖြစ်မလာနိုင်တော့ဘူး...။

ကျွန်မကိုမွေးပေးခဲ့တဲ့ နပ်စ်မက ရှမ်းလူမျိုး ဆရာမဒေါ်နန်းဖေါင်းတဲ့... သူ့အမျိုးသားက ကျွန်မကျောင်းနေတော့ ကျွန်မတို့ကျောင်းအုပ်ဆရာကြီးဖြစ်လာတဲ့ ဆရာကြီး ဦးဆမ်မြူရယ်...။ ဆရာကြီးက လားဟူလူမျိုး သူတို့မှာ သမီးသုံးယောက်ရှိတယ်...။ တစ်အိမ်လုံး ကျွန်မကိုချစ်ကြတယ်...။ ကျွန်မ နာမည် မီးမီးကိုတောင် သူတို့က လားဟူလို "အားမီ"လို့ခေါ်ကြတာခုချိန်ထိပဲ....။


မိုငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရပြန်လည်ဖော်ပြပေးလိုက်ပါတယ်..

၁. အဖြူရောင်နတ်သမီး said...(9.1.2010)
 "မီးမီးလေး"က ချစ်စရာလေးတော့
လာပါအုံး အန်တီနတ်သမီးလေးနားကို... အန်တီ့ကိုချစ်လား...
အဲ ခေါင်းညိတ်တယ်တော့
အန်တီနတ်သမီးလည်း "မီးမီးလေး"ကိုအရမ်းချစ်ပါတယ်တဲ့ရှင်... အာဘွား...

၂. အနှိုင်းမဲ့  said...(10.1.2010)
ဟယ်...ချစ်လိုက်တာ... အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲနော်...

၃. မိုးစက်အိမ် said...(11.1.2010)
မီးမီးဆိုတဲ့နာမည်က တော်တော်များများသုံးတယ်ထင်ပါတယ်...ဒီမီးမီးငယ်ငယ်ကပုံကလည်း မိုးစက်အိမ် ပိစိကွေးတုန်းကလောက်လည်း မချောဘူး ဟတ်...ရန်စသွားတာပါ အမရေ...:P

၄. ဏီလင်းညို  said...(12.1.2010)
မမိုးရေ... ငယ်ငယ်တုန်းက အားလုံးဝိုင်းချစ်ကြတယ်ဆိုတာ သေချာမယ်.. ပုံထဲက ကလေးလေးက ချစ်စရာလေးလေ ခါးလေးကိုထောက်လို့
ခင်မင်တဲ့
ဏီလင်းညို

၅. Khin Oo May said...(31.7.2010)
ဟုတ်ပါ့ ချစ်စရာလေး

၆. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ပုံကိုက ဆွဲလိမ်ပြစ်ချင်စရာ :)

၇. မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said...(1.10.2016)
ကျွန်တော့်သမီးကိုလည်း မီးမီးချောလို့ခေါ်တာ မမီးကိုအားကျလို့ :) ;)


Now & Ever.....

$
0
0



ဘာမှမပြောခင် ဒီရုပ်ရှင်အရမ်းကောင်းတယ် လူတိုင်းကြည့်သင့်တယ်လို့ ပြောပါရစေ..... :)

သတိထားမိသလောက် Movie Review ရေးတဲ့သူတိုင်း ဇာတ်လမ်းကို spoil မလုပ်ဘဲ ဘယ်လိုကောင်းကြောင်းနဲ့ ကိုယ်တိုင်သွားကြည့်ဖို့တိုက်တွန်းသူတွေချည်းပဲတွေ့ရတာ ထူးခြားချက်တစ်ခုလိုဖြစ်နေတယ်ဆိုတာက ကျွန်မတို့ မြန်မာဇာတ်ကားကို ဒီလို အရည်အသွေးမျိုး ဒီလိုရိုက်ချက်မျိုး ဒီလိုဇာတ်ညွှန်းမျိုးနဲ့ အဖက်ဖက်က ပြည့်စုံတဲ့ စေတနာပါတဲ့ ဇာတ်ကားမျိုး ငတ်မွတ်နေခဲ့တာ ကြာခဲ့ပြီဆိုတာပဲ....၊

ဘဘဦးသုခတို့ ဦးသာဓုတို့ ဦးဝင်းဦးတို့ ခေတ်ကလို အရည်အသွေးပြည့်ဝတဲ့ ဇာတ်ကားကောင်းတစ်ခု ဆယ်စုနှစ်များစွာ ကျော်လွန်မှ တဖန်ပြန်ကြည့်ရတာမျိုးကိုး....။ သိပ်ကောင်းတယ် အရင်ဦးဆုံး ဒါရိုက်တာခရစ်တီးနားခီကို တကယ်ချီးကျူး ဂုဏ်ယူမိပါတယ်...။ ပြီးတော့ ဇဏ်ခီ ဇာတ်ညွှန်းပိုင်းနဲ့ တေးဂီတပိုင်း သိပ်ပိုင်တယ်...။ ဒီကားလေးမှာ သီချင်းကအသက်ဆိုလည်း ဟုတ်တယ်....။ ဇာတ်ကားရဲ့ OST စီတီတွေပါ ရောင်းနေပြီလို့သိရတယ်...။ ဝယ်သိမ်းပြီး နားထောင်ရမယ်လေ...။

ဇာတ်ကားလေးက ရသပေါင်းစုံပေးစွမ်းတယ်...ပေးတဲ့ရသတိုင်းကလည်း အနှစ်တွေချည်းပဲ...ရုံထဲမှာ ကြည့်နေတဲ့သူတွေအားလုံး ကားပြီးတဲ့အထိ ဆိတ်ငြိမ်နေကြတာ ခါတိုင်းကားတွေလို နေကြာစေ့ကိုက်သံ အာလူးကြော်ဝါးသံတွေတောင် မကြားရဘဲ အားလုံးက ဇာတ်ကားထဲစိတ်နှစ်နေကြတာ...။ ရုပ်ရှင်လဲပြီးတေရာ အကုန်လုံးနီးပါး မျက်လုံးတွေမို့အစ် နီရဲ ငိုထားကြတာ....တကယ်ပြောတာ တစ်ရှူးနှစ်ရွက်နဲ့မလောက်ဘူး...။ကျွန်မဆိုပိုဆိုးသေးတယ် ငယ်တုန်းကတည်းက အိမ်မှာဗီဒီယိုရုံရှေ့ဆုံးကလေးတန်းမှာ ဝမ်းနည်းရမယ့်ခန်းဆို ရုပ်ရှင်ထဲကမျက်ရည်မကျသေးဘူး ကိုယ်ကအရင်ငိုနေနှင့်ပြီ....။ ဆိုတော့ ဒီကားမှာလည်း ကျွန်မ တစ်ရှူးမလောက်ခဲ့ဘူးဆိုပါတော့....။

မင်းသားနဲ့မင်းသမီး သရုပ်ဆောင်တာ သိပ်သဘာဝကျတယ်...။ သရုပ်ဆောင်နေတာနဲ့မတူဘဲ တကယ်ဖြစ်နေတာမျိုး လုပ်ပြနိုင်ကြတာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို မျက်ဝါးထင်ထင်ပြလိုက်တာပါပဲ...။ နောက်ထပ်အခေါက်ခေါက်အခါခါ ကြည့်ဖို့တောင် မရိုးအီနိုင်မယ့်ဇာတ်ကားမျိုးပါပဲ....။

Good job!!!! NOW & EVER TEAM... I am very proud of you all....

နှစ်ပတ်လည် ပို့စ်တွေကို နှစ်လဆက်တိုက်တင်မယ်လုပ်နေတဲ့ကြားထဲက ဒီပို့စ်လေးကို နေနိုင်မထိုင်နိုင်ကြားဖြတ်တင်ပါရစေ...:)


မိုးငွေ့

ဖေဖေ.....

$
0
0


အဲဒီနေ့က ကျွန်မတို့ရွာတိုက်နယ်ဆေးရုံဝင်းထဲမှာနေတဲ့ ဒေါ်နန်းခမ်းအင်တို့အိမ်မှာ ဝိန်းလန်းရွာက ဆေးလာကုတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ယောက် ရောက်နေတယ်ကြားလို့ ကျွန်မတို့ ကလေးတွေ တစ်သိုက်စပ်စုပြီးသွားကြည့်ကြတယ်...။ ဝိန်းလန်းရွာကဆိုတော့ လိရှမ်းလူမျိုးတွေဖြစ်တဲ့အလျောက် ရှမ်းမလေးတွေက သိပ်လှကြတယ်လို့ လူကြီးတွေပြေတာကြားဖူးတယ်...။ အဲဒီရွာက လမုန်းအကမယ်တွေများတယ်တဲ့...။ ပြီးတော့ သူတို့အသားအရေက တခြားရှမ်းမလေးတွေလို ဖြူပြီးပန်းရောင်သန်းနေတာမျိုးမဟုတ်ဘဲ  အသားကဝင်းမွတ်ပြီး ဝါဝါကလေးနဲ့ဖြူကြတယ်...။ အဲဒီမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တွေဆိုတာ မကြိုက်ဘဲမရှိကြဘူးတဲ့...။

ဆေးလာကုတဲ့ အမျိုးသမီးလေးက အသက် နှစ်ဆယ်ကျော်ကျော်ဘဲရှိဦးမယ်...။ ဒေါ်နန်းခမ်းအင်ဆိုတာ ဆေးရုံအကူလည်းလုပ်သလို သူ့အိမ်မှာ နတ်ရုပ်ပေါင်းစုံလဲ ကိုးကွယ်ထားတဲ့ နတ်ဝင်သည်လည်းဖြစ်တယ်...။ ဒီတော့ ဘယ်သူညွှန်းလိုက်လို့လည်းမသိဘူး  စိတ်ဝေဒနာရှင်အမျိုးသမီးလေးကို သူတို့က အပမှီတယ်ဆိုပြီး လာကုပုံရပါတယ်...။ ကျွန်မတို့ကလေးတွေ သွားကြည့်ကြတဲ့အချိန်မှာ ဒေါ်နန်းခမ်းအင်က ပဲတောင့်ရှည့်ကြော်နဲ့ ထမင်းကျွေးနေတာတွေ့ရတယ်...။  အမျိုးသမီးလေးကလည်း အေးအေးဆေးဆေးပဲ ထမင်းစားနေပါတယ်...။ စိတ်ဝေဒနာသည်ဆိုပေမယ့် မသိသာဘူး သာမန်လူပုံစံအတိုင်းလေးပါပဲ...။

အဲလိုဘာမှမဟုတ်သွားစပ်စုပြီးကြည့်လိုက်တာ ညနေတော်တော်မိုးချုပ်မှ အိမ်ပြန်နောက်ကျလို့ ဖေဖေနဲ့ရိုက်တာခံရတယ်...။ ဖေဖေက ကျွန်မကို သိပ်ချစ်တာ ခုလိုတခါမှတောင်ရိုက်ဖူးတာမဟုတ်ဘူး...။ ဆူတာလောက်ပဲရှိခဲ့တာ..။ အဲဒီနေ့ ဖေဖေ မေမေနဲ့ရန်ဖြစ်ကြလို့ ကျွန်မကိုမဲလိုက်တာဖြစ်နိုင်တယ်...။ မေမေကျွန်မကိုမွေးပြီး ခြောက်နှစ်လောက်ကျမှ မောင်လေးကိုမွေးတောဆိုတော့ ကျွန်မက ခြောက်နှစ်လောက် တစ်ဦးတည်းသောသမီးဖြစ်ခဲ့တာပေါ့....။

ကျွန်မအရွယ်ရောက်စ မှတ်မသလောက်တော့ ဖေဖေနဲ့မေမေက တကျက်ကျက်ပဲ...။ ဖေဖေက ကျွန်မနှစ်နှစ်သမီးအထိ မော်လမြိုင်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်...။ စစ်ထဲကထွက်ရတဲ့အကြောင်းရင်းက ဖိုးဖိုးပြန်ခေါ်လို့ပါပဲ...။ မိသားစုနဲ့ ဟိုးအဝေးမှာ သွားမနေရအောင်တဲ့...။ ဖိုးဖိုးက သူ့သမက် ဖေဖေ့ကို အိမ်မှာပဲ စီးပွားရေးလုပ်စေချင်ခဲ့တာ..။ ဖေဖေကလဲ စစ်ထဲကထွက်ပြီး စစ်မှုထမ်းဟောင်းအရက်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တယ်...။ အရက်ဆိုင်မှာလုပ်တော့ အသောက်အစားမကင်းတော့ဘူးလေ...။ အဲဒါကြောင့်မေမေနဲ့မကြာခဏရန်ဖြစ်ကြတာ...။ ပြီးတော့ဖေဖေဟာ အပေါင်းအသင်းမှားခဲ့လို့ အသက်ဆုံးတဲ့အထိ အပြောင်းအလဲတွေများခဲ့တယ်...။

ဖေဖေ့ကို ကျွန်မသိပ်ချစ်တယ်...။ အဲဒီစကားကို ဖေဖေအသက်ရှင်စဉ်က ကျွန်မပြောခဲ့ဖူးသလား ကျွန်မမမှတ်မိတော့ဘူး...။ ဖေဖေဆုံးတော့ ကျွန်မအသက် ဆယ့်နှစ်နှစ်...။  ကျွန်မပေါက်စနလေးကတည်းက ဖွားဖွားတို့က ကျွန်မနှာအမြဲစေးတတ်လို့ ခေါင်းကိုအုန်းဆီလိမ်းပေးတာ ဖေဖေကမကြိုက်ဘူးတဲ့...။ ကလေးခေါင်းနံကုန်မယ်ဆိုပြီး ပေးမလိမ်းဘူး..။ ကျွန်မနာမှာစိုးလို့ဆိုပြီး ကလေးတုန်းက နားပေါက်မဖောက်ပေးခဲ့လို့ ခုထိ ကျွန်မနားပေါက်မရှိဘူး...။ ဖေဖေက သူ့သမီးလေးကိုချစ်တော့ နာမှာစိုးခဲ့တာလေ...။ ဖေဖေဟာ အလုပ်လုပ်တာလဲတော်သလို ဟင်းချက်လည်းသိပ်ကောင်းတယ်...။ ကျွန်မအဒေါ်တွေဆို ဖေဖေချက်တဲ့ ခရမ်းသီးနှပ်ကို သိပ်ကြိုက်ကြလို့ ချက်နည်းတောင်သင်ထားကြတာ....။ ဒီနေ့ထိအဒေါ်တွေက ခရမ်းသီးနှပ်ချက်တိုင်း သူတို့ခဲအိုကို သတိတရနဲ့ပြောတုန်း...။ ဖေဖေ ကချင်(၅)တပ်မှာနေတုန်းကဆို တပ်ကရတဲ့ ကုလားမခြင်းဆွဲနို့ဆီကို နို့ဆီကြော်လုပ်ကျွေးတာ သိပ်ကောင်းတယ်ပဲ...။ နို့ဆီတွေက မလိုင်လုံးတွေလိုဖြစ်သွားပြီး စားလိုက်ရင်ချိုဆိမ့်နေရော...။

ကျွန်မတို့ အ လ က ကျောင်းဝင်းထဲမှာ ပွဲလုပ်တုန်းကဆိုဖေဖေက သူဝယ်ထားတဲ့ ဂက်စ်အိုးထဲကိုသွပ်စတွေညှပ်ထည့်ပြီး မိုးပျံပူဖေါင်းလုပ်ပေးတယ်...။ ကျွန်မက ဖေဖေ ဂက်စ်ဖြည့်လို့ရလာတဲ့ မိုးပျံပူဖေါင်းတွေကို ချည်ကြိုးလေးနဲ့ချီပြီး စုကိုင်ထားတယ်....။ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရရင် ပွဲထဲသွားရောင်းတယ်...။ ပျော်စရာကြီး အဲတုန်းက...။ နောက်တော့ ဖေဖေက တာချီလိတ်မြို့က ရဲဘော်ဟောင်းအရက်ဆိုင်ကိုပြောင်းရတော့  မေမေနဲ့တကျက်ကျက်ဖြစ်တာ ပိုဆိုးလာခဲ့တယ်...။ ဖေဖေနဲ့မေမေကွဲတော့ ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်ရှိဦးမယ်...။  ဖေဖေက သူ့အစ်ကိုရှိတဲ့ ကျောက်ဆည်မှာ ကုန်ကားသွားမောင်းတယ်...။ ဖေဖေနဲ့ကွဲသွားလို့ ကျွန်မတို့မောင်နှမတွေက အဖိုးအဖွား ဦးလေးအဒေါ်တွေနဲ့အတူနေရတော့ ဖေဖေ့ကို သတိရကောင်းမှန်း လွမ်းရကောင်းမှန်းလည်းမသိခဲ့ဘူး...။ နဂိုကတည်းက လူကြောက်တဲ့ ကျွန်မက ဖေဖေထွက်သွားပြီးတဲ့ သုံးလေးနှစ်မှာ ဖေဖေ့ကိုတော်တော်စိမ်းသွားခဲ့တယ်...။ ကျွန်မတို့ဆီ ဖေဖေပြန်ရောက်လာတော့ ဖေဖေ ကျန်းမာရေးသိပ်မကောင်းတော့ဘူး...။ ငှက်ဖျားအခံရှိသလို ဆေးလိပ်အရမ်းသောက်တော့ ချောင်းတွေဆိုးပြီး အဆုတ်လဲ သိပ်ကောင်းပုံမရတော့ဘူး...။

ညနေဖက် ကျွန်မတို့အိမ်မှာ ဗီဒီယိုပြတဲ့ချိန်ဆို ဖေဖေရောက်လာတတ်တယ်...။ "သမီးလေး ဖေဖေ့ဆီလာပါဦးလို့"ဖေဖေက လက်နှစ်ဖက်ဆန့်ပြီးခေါ်ရင် ကျွန်မက နောက်ကိုတွန့်ဆုတ်ပြီး ဖေဖေ့ဆီမသွားရဲခဲ့ဘူး...။ ကျွန်မအောက်က မောင်လေးကျတော့ တွက်တယ် လူမကြောက်တတ်ဘူး..။ ဖေဖေဆီသူလိုက်ရဲတယ်...။ ဖေဖေသူ့ကို မော်တော်ဆိုင်ကယ်နဲ့ ရွာတစ်ပတ်ပတ်ပြီး တင်စီးလဲ သူလိုက်ရဲတယ်...။ ဖိုးဖိုးကတော့ မေမေ့ကို ဖေဖေနဲ့ပြန်ပေါင်းဖို့ ဖြောင်းဖြပေမယ့် ခေါင်းမာတဲ့ မေမေကတော့ လုံးပြန်လက်မခံခဲ့ဘူး...။ ဖေဖေကျန်းမာရေး တစစဆိုးရွားလာခဲ့ရာက နောက်ဆုံးဆေးရုံတင်လိုက်ရတယ်....။ ဖိုးဖိုးပဲ အစစအရာရာ တာဝန်ယူပေးတယ်...။ ဖေဖေ့နောက်ဆုံးအချိန်မှာ ဖေဖေချစ်တဲ့ သမီးလေးကအနားမှာရှိမနေခဲ့ဘူး...။ အဖေသေတာတောင်မသွားတဲ့ သမီးလေးဆိုပြီး တရွာလုံးက ဝိုင်းပြီးအပြစ်တင်ကဲ့ရဲ့တာကိုခံခဲ့ရတယ်...။ ကျွန်မကို စိတ်မာလို့ သံယောဇဉ်မရှိလို့ စိမ်းပျက်ရက်စက်နိုင်လို့ လို့အမျိုးမျိုးထင်မြင်ချက်တွေပေးကြခဲ့လိမ့်မယ်...။ တကယ်တမ်းကျတော့ ကျွန်မက ကြောက်တဲ့စိတ် ဖေဖေ့အပေါ်စိမ်းတဲ့စိတ်တစ်ခုတည်းနဲ့မသွားခဲ့တာ...။ ကျွန်မကိုယ် ကျွန်မလည်း လူကြောက်တတ်တဲ့စိတ်ကို အသက်အရွယ်တော်တော်ရတဲ့အထိ ကြိုးစားဖျောက်ယူခဲ့ရတယ်...။ ကျွန်မဘ၀မှာ ဒီထက်ကြီးမားတဲ့ နောင်တထပ်မရချင်တော့ဘူး...။ လောကမှာ တကြိမ်တခါပဲ ရတတ်တဲ့ အခွင့်အရေးတွေကို ရယူတတ်ဖို့ ကျွန်မ အဲဒီတုန်းက နားမလည်ခဲ့ဘူး...။ ဖေဖေဆုံးခါနီး အမြင်အားရုံ အကြားအာရုံတွေတစ်ခုမှမကောင်းတော့ဘူး ...။ ဖေဖေသိပ်....ကို သနားစရာကောင်းပါတယ်...။ မောင်လေးကတော့ ဖေဖေအသက်ထွက်သွားတဲ့အထိ အနားမှာရှိနေခဲ့တယ်...သူ အဲတုန်းက အသက်ခြောက်နှစ်ထဲရယ်...။ ကျွန်မထက်စာရင် မောင်လေးကမှ ဖေဖေအလိုကိုဖြည့်နိုင်ခဲ့သေးတယ်....။

ဖေဖေအသုဘကို ဖိုးဖိုးပဲအကုန်စီစဉ်လုပ်ပေးခဲ့တယ်...။ ဖေဖေဆုံးတာ ကျွန်မ မျက်ရည်လေးတစ်စက်တောင်မကျခဲ့ဘူး...။ တကယ်တော့ ကျွန်မငိုနေခဲ့ပါတယ်... ဘယ်သူမှမမြင်နိုင်တဲ့ မျက်ရည်တွေ ခုချိန်ထိကျနေတုန်းပဲ...။ အနှစ်သုံးဆယ်ကျော်... ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကို သတိရလွမ်းဆွတ်သောအားဖြင့် ဒီပို့စ်ကို မိုးငွေ့ရဲ့ဆယ်တစ်နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရ အဖြစ် ပြန်လည်ရေးသားဖော်ပြ​ြခင်းဖြစ်ပါတယ်...။ ဖေဖေ ကောင်းရာသုဂတိဘုံ ရောက်ရှိပါစေ...။

မိုးငွေ့

ပို့စ်အဟောင်းမှာတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရအဖြစ် ပြန်ရေးပေးလိုက်ပါတယ်...

၁. Anonymous said....(14.1.2010)
အမရေ တကယ်ခံစားလိုက်ရတယ်ဗျာ.....ပျော်ရွှင်ပါစေမမ

၂. ဏီလင်းညို said....(15.1.2010)
မမိုးရေ... ဒီစာလေးကိုဖတ်ပြီး မမိုးရဲ့အဖေကိုလည်းသနားတယ်... မမိုးအတွက်လည်းစိတ်မကောင်းဘူး..။ ပြီးတော့ အိမ်ကအဖေ့ကိုလည်း သတိရမိတယ်..(တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲသူနဲ့ဖုန်းပြောသေးတယ်လေ..)
ခင်မင်တဲ့
ဏီလင်းညို

၃. ညရဲ့ကောင်းကင် said...(16.1.2010)
အစ်မမိုးငွေ့ရယ် စိတ်မကောင်းဖြစ်လိုက်တာဗျာ... ဘာပြောရမှန်းမသိတော့ဘူး...

၄. Khin Oo May said...(31.7.2010)
စိတ်မကောင်းဘူး

၅. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ကောင်းရာသုဂတိဘုံကနေ သိပ်တော်တာတွေသူသိမှာပါ သိပ်ချစ်တာတွေသူသိမှာပါ နှမျောတသနေတာတွေ သူသိမှာပါ ပြေမပြြဖစ်ခဲ့တာတွေလည်း သူကြားမှာပါ
ထပ်တူထပ်မျှခံစားခဲ့ပါသော

မကုန်ဆုံးချင်သောညနေ......

$
0
0




အင်းလျားကန်စောင်းရဲ့ နေညိုညိုညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက် အတူမျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။

တကယ်ဆို ကိုယ်သူ့ကို  ကောဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား....။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်းလိုက်တာ....။ ခုံနောက်မှီကိုလှဲချရင်း လမ်းတလျှောက်သူငေးမောရင်း သူလိုက်လာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကိုဘာမှမပြောဘဲ အင်းလျားလမ်း ကွေ့ကြောကိုယူလိုက်တော့ သူက ကိုယ့်ကို တချက်ကြည့်ပြီး လက်မထောင်ပြတယ်...။ ဆယ်နှစ်ကျော်ကြာဝေးကွာသွားခဲ့ကြပေမယ့်ကိုယ်တို့နှစ်ယောက် အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း...။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ်ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ကိုယ်...ဘီယာတစ်ဂျားစမှာလိုက်တယ်...။ နောက် ကိုယ်စားချင် သုံးလေးမျိုးလောက်မှာပစ်လိုက်တယ်...။ စားပွဲထိုးထွက်သွားတော့ သူကိုယ့်ကို မျက်ခုံးပင့်ကြည့်ပြီး "အရင်လို စိတ်ညစ်တိုင်း အစားတွေ ဇွတ်စားတတ်နေတုန်းကိုး..."လို့မှတ်ချက်ချတယ်...။ ကိုယ်မသိသလို အဝေးကိုငေးရင်း ဘီယာတကျိုက်ကိုမော့လိုက်တယ်...။ "တစ်ခွက်ထက်ပိုမသောက်နဲ့နော် ပြီးမှလက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့"...။ တွေ့လား... ဒါ ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ့်တချက်ပြုံးပြီး သူနဲ့ခွက်တိုက်လိုက်တယ်...။ မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတော့တောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးအကြောင်းစမေးပါတယ်...။ သူ့ခွေးနာမည်လေး ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တယ်...။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့ ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ်အလုပ်ရှုပ်ခဲ့ဖူးသေးတယ်...။ ခုတော့လဲ ခွေးမလေးမရှိရှာတော့ပါဘူး...။ အင်းလေ သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်ရှိပြီလေ....။

သူ YIT ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်....။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး ဩဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး....။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်....။ သူက YIT မှာပထမနှစ်လာတက်တာ...။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်းသိပ်များများစားစားမရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း သူ့ခြံထဲကိုကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေ သူ့ကိုလှမ်းကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်လာရင် သူကကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ....။ ကိုယ့်ထက်နှစ်နှစ်ပဲကြီးပေမယ့် ကိုယ့်ကတော့ အမြဲတစေ သူ့ညီအငယ်ဆုံးလေးလို သူ့ကို ချွဲနွဲ့တတ်တယ်...။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်...။ သူ့မှာက ညီတစ်ယောက်တည်းရှိတာကိုး...။ ခုပဲလေယာဉ်ကွင်းသွားကြိတာတောင် ငယ်ငယ်ကအကျင့်မပျက်သေး သူ့ကို ပြေးပြီးပွေ့ဖက်ဆီးကြိုလိုက်တယ်..။ ကိုယ်တို့နှစ်ယောက်လုံးမတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး...။ တီရှပ်အကျပ်နဲ့ ခြေကျင်းဝတ်စည်း ဘောင်းဘီအပွနဲ့ ပိုလိုဦးထုပ်စောင်းထားတဲ့ ကိုယ့်ကို သူက ငယ်တုန်းကအတိုင်းပဲ နည်းနည်းပြည့်လာတာပဲရှိတာတဲ့...။ သူလဲဘာမှမပြောင်းလဲပါဘူး သူ့ကိုယ်နံ့တွေအရင်လိုပဲ မွှေးပျံ့လတ်ဆတ်ဆဲ သူ့ရင်ငွေ့လဲနွေးထွေးဆဲ...။ ဒါပေမယ့်သူဒီတစ်ခေါက်ပြန်လာတာဟာ သူ့ဘဝအပြောင်းအလဲတစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကိုလာကြည့်တာ...။ အဆင်ပြေရင် တခါတည်းလက်ထပ်သွားမှာတဲ့...။

ကိုယ့်ရင်ဘတ်မှာဆွဲထားတဲ့ လော့ကက်သီးလေးကို သူအသာလေးဆွဲယူကြည့်နေတယ်...။ မိန်းကလေးတန်မဲ့ သံကြိုးပုံ 925 ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိမယ့် စိန်ပွင့်တွေစီခြယ်ထားတဲ့ "Y"ဆိုတဲ့ အဂ်လိပ်စားလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ...။ ကိုယ့်ကို ထူးထူးခြားခြား အမှတ်တရလက်ဆောင်ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့..သူက သူ့ကုတ်အကျီအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဖက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့အစွန်းမှာ ကိုယ့်နှလုံးကြွေမတတ်ဖြစ်သွားစေတဲ့ "N"ဆိုတဲ့ စာလုံးလေး သူ့လက်ကြားကနေ လက်ခနဲပေါ်လာခဲ့တယ်...။ ကိုယ့်သူ့ကို ဒီလက်ဆောင်မျိုးတခါမှမပေးဖူးခဲ့ပါဘူး..။ ကိုယ့်အံ့အားသင့်နေလို့ သူကရှင်းပြတယ်....။ သူဟိုမှာအလုပ်လုပ်ပြီး ၂နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရလုပ်ထားတာတဲ့.....။ ပြီးတော့ သူက အဲလို Suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။

ညနေခင်းက အရောင်ရင့်ရင့်လာပြီ.....။ မီးရောင်တွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညှင်းက တစ်ချက်တိုးဝှေ့လိုက်တယ်.....။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူချွတ်လိုက်တော့ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့သပ်တင်ပေးနေသေးတယ်...။ ရပါတယ်... လေအဝှေ့မှာ ကိုယ့်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ....။ တခဏတာဆိုပေ့မယ့် ကိုယ့်အတွက်တဘဝစာ အမြဲလွမ်းတနေမယ့် အပြုအမူမျိုးဆိုတာ သူသိနေပါရဲ့သားနဲ့...။ နောက်သူ..သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ကိုယ်အလိုက်တသိနဲ့ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်...။ အဲဒီမီးခြစ်လေးသူ့ကိုပေးပါလားလို့ ကိုယ့်ကိုတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲ မီးခြစ်လေးကိုထည့်ပေးလိုက်တယ်...။ ဒီမီးခြစ်လေးသူ့ဆီရောက်လာတဲ့ချိန်ကစပြီး သူစီးကရက်မသောက်မိဖို့ ကြိုးစားရတော့မယ်တဲ့...။  ဘာလို့လဲ ဆိုတော့  မီးညှိပေးမယ့်သူမရှိတော့မယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။

ဟိုး....နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်တွေ အုပ်လိုက်ဆူညံစွာ ပျံသွားနေကြတယ်...။ ကောင်းကင်အရောင်က အပြာနုကနေ အရင့်ဖက် ကူးပြောင်းစပြုနေပြီ.....။ ကြယ်တွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက် စထွက်လာကြပြီ...။ ဆန်းသစ်လခြမ်းကွေးလေးကလဲ လှနေတယ်....။ ပတ်ဝန်းကျင်အပံ့အပိုးကောင်းလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ တောက်လောင်မှုက တငွေ့ငွေ့....။ သောက်ထားတဲ့ တန်းခိုးကတော့ ချက်ချင်းပြတာပဲ ဘယ်ဖက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ကိုယ်ညာဖက်လက်နဲ့ ဖိထားတာကို သူသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှုတ်ခမ်းမှာတေ့ထားပြီး ကိုယ့်လက်ကို သူလှမ်းယူပြီးနှိပ်ပေးနေတယ်...။ အဲလိုလေး သူ စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေးတေ့ထားတာကို ကိုယ်ဖြင့် ချစ်လိုက်တာ....။ သူ့ကို ကိုယ့်ခဏငေးမောကြည့်မိသွားတယ်...။ နေပါစေတော့ နောက်လဲ ကိုယ့်ကိုဒီလို လုပ်ပေးနိုင်မှာမဟုတ်ဘဲနဲ့ များ ကိုယ့်ကိုပုံပြင်တွေနဲ့ ထပ်ထားမသွားပါနဲ့...။ ကိုယ်လက်ကို ရုန်း ပြန်ရုတ်လိုက်တော့ "ခုထိ ကလေးလေးလိုပဲ ညီမလေးကတော့..."တဲ့....။ သူ့လို မသိကျိုးကျွန်စိတ်လေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့ ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ခပ်ထွေထွေဖြစ်လာတယ်...။ အိမ်အပြန်ကားကို သူမောင်းမယ်ချည်းလုပ်လို့ မနည်းတားထားရတယ်....။ ဆယ်နှစ်ကျော်အကြာမှာ ဒီလမ်းတွေကို သူအသားကျမှမဟုတ်မှန်းသိလို့ ကိုယ်ပဲမောင်းခဲ့လိုက်တယ်....။

ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် Richard Marx ရဲ့ "Now and Forever"....။ သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတဲ့ သီချင်းလေး....။ သီချင်းလေးပြီးဆုံးသွားတဲ့ထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ်လက်ချောင်းတွေ ခလုတ်ပေါ်ရောက်သွားတော့ သူချက်ချင်း ကိုယ့်လက်ကို ဖမ်းဆုပ်လိုက်တယ်...။ "သီချင်းလေးကောင်းနေတာကို ညီမလေးရယ်.....ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း..."လွတ်လပ်ပေါ့ပါးစွာသူလိုက်ဆိုနေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုမိအောင်မနည်းမြိုသိပ်ထားရတယ်....။ ရင်မှာဆွဲထားတဲ့ "Y"စာလုံးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်ပြီး ပေါက်ခနဲကျလာတဲ့ မျက်ရည်စက်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်....။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲဝေဝါးနေလို့လား မှိန်ပျဖျော့တော့နေကြတယ်...။

မဖြစ်နိုင်မှန်းသိလျက်နဲ့လည်း ဒီနေညခင်းလေး ကုန်ဆုံးသွားမှာကို စိုးရိမ်နေမိတယ်.....။


မိုးငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်နော်...:)

၁.  Pandora said.... (23.10.2010)
နူးနူးညံ့ညံ့လွမ်းစရာလေး

၂. ကြယ်လွမ်းသူ  said.... (23.10.2010)
လွမ်းမောဖွယ်ဇာတ်လမ်းလေးပဲ အစ်မမိုးငွေ့ ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ နော်...
ခင်တဲ့
(ဖိုးကြယ်)

၃. blackroze said...(23.10.2010)
လွမ်းစရာလေးပါအစ်မရယ်...

၄. ဏီလင်းညို  said ... (23.10.2010)
ဖတ်ရင်းနဲ့ ပြီးသွားတော့မှ သက်ပြင်းတိုးတိုးလေးချလိုက်မိတယ်...။ တကယ်ကောင်းတယ်မမိုး ..အဲဒါမျိုးလေးဖတ်ရတာ အရမ်းနှစ်သက်တယ်ဗျာ...။
ခင်မင်ခြင်းအားဖြင့်
ဏီလင်းညို

၅. အဖြူရောင်နတ်သမီး  said... (23.10.2010)
အလုပ်အားတုန်းလေး ပြေးပြီးလာဖတ်သွားတယ် မမိုး
စိတ်မကောင်းဖြစ်ပြီး ပြန်ပြီ...:(

6. မြတ်မွန်....said (26.10.2010)
အင်းလျားရေပြင်က အတွဲလေးတွေအတွက် လွမ်းစရာလေးပဲနော်...။

၇. အင်ကြင်းသန့် .... said (28.10.2010)
ဖတ်ပြီးရင်ထဲမှာ....:((


ကဗျာလူ.....

$
0
0



ချစ်သူ....
ရိုးရိုးလေးပါပဲ
ကဗျာတွေဖန်ဆင်းဖို့
ငါ့ရင်ကိုရောက်ခဲ့သူ

ငါ့ခံစားချက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ပျော်ရွှင်မှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့နာကျည်းမှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ဝင်သက်ထွက်သက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

နူးညံ့မှုတန်ခိုးများ
ကာရံတွေဖြစ်စေသားလို့
သူမဆိုခဲ့ပါဘူး...

စကားလုံးပုလဲများ
ကြွရွစေသားလို့
သူမဆိုခဲ့ပါဘူး...

ဒါပေမယ့်
ငါ့ဘဝအတွက်
ထာဝရရှင်သန်နေမယ့်
အဓိပ္ပါယ်လေးနက်စေမယ့်
စကားလုံးတွေနဲ့သူ
ကဗျာလိုလူ....။

ကျွန်မကို ကဗျာလေးတွေဖန်တီးတတ်လာအောင် ခံစားမှုတွေိကို ပေးစွမ်းနိုင်တဲ့ သူတစ်ယောက်အတွက် ဒီကဗျာလေးရေးဖြစ်ခဲ့ပါတယ်....။  ဒါကြောင့်သူ့ကို "ကဗျာလူ"လို့တင်စားလိုက်တာပါ...။ ပြီတော့ မိုးငွေ့ရဲ့အိန်ဂျယ်အကြိုက်ဆုံး ကဗျာတစ်ပုဒ်လဲဖြစ်ပါတယ်...။ ဒီကဗျာလေးဖြစ်လာဖို့အတွက်...ကျွန်မရဲ့ ကဗျာကြမ်းကို ညလင်းအိမ်က စကာလုံးလှလှတွေနဲ့ ကူညီစီခြယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။

မိုးငွေ့

အရင်ပို့စ်မှာတုန်းက သူတို့တွေပေးခဲ့တဲ့ ကော်မန့်တွေကို အမှတ်တရပြန်ရေးပေးလိုက်ပါတယ်...။


၁. ညလင်းအိမ် said..(18.10.2010)
:))

၂. blackrose said... (18.10.2010)
ကဗျာလူဆိုတဲ့ စာသားလေးသဘောကျတယ် မကြီးမိုးငွေ့

၃. အနှိုင်းမဲ့  said...(18.10.2010)
အဲဒီလိုဖန်ဆင်းပေးနိုင်တဲ့လူကို အချစ်လို့ခေါ်နိုင်သလား ငါ့အမ

၄. မြတ်မွန် said...(18.10.2010)
တော်လိုက်ကြတဲ့ ကဗျာဆရာတွေ  ဂွတ်၏

၅. မိုးယံ...said ... (19.10.2010)
သူ့လူကတမျိုးပဲနော် ဘာတဲ့ ကဗျာလူဆိုလား...။ ရေးတတ်တဲ့သူများကြတော့လဲ သူ့နှလုံးသားက ဖွင့်ဟတဲ့ စာတွေအလား ဖတ်ရသူဘဝင်ခိုက်စေ၏

၆. ကြယ်လွမ်းသူ... said (19.10.2010)
အစ်မရေ ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ခံစားချက်အစုအဝေးကြီးပေါ့နော်.. ကဗျာလိုလူကို ခံစားသွားပါတယ်...။ လင့်ပါယူသွားတယ်နော်..
ခင်တဲ့
ဖိုးကြယ်


ပျောက်ဆုံးနေ‌သော...အိန်ဂျယ်

$
0
0


ရာသီဥတုကမှုန်မှိုင်းအေးစက်လို့ နေရာတိုင်းနေရာတိုင်းမှာ မီးခိုးရောင် မြူခိုးတွေထနေတယ်....။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ မြက်ပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ တချို့အပင်ဆို ကိုယ်ထက်တောင်ရှည်နေသေးတယ်....။ လေအေးတချက်ဝှေ့လိုက်တိုင်း နှင်းစက်မှုန်တွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်အဆင်း ဒီလိုအေးစိမ့်မှု ဒီလိုနေရာလေးကိုရောက်လာခဲ့တာ ဟိုး....အရင်ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်...။ အဲဒီတုန်းက ဆောင်းရာသီနှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။

ဂါဝန်ရှည်ရှည်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်းဝတ်ပြီး ခေါင်းကိုပဝါခြုံထားရင်း လမ်းတလျှောက် နှင်းမှုန်တွေနဲ့ တံမြက်စည်းပင်ဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာကလူကျီစယ်နေကြတယ်....။ တံမြက်စည်းပွင့်တွေက ငွေမှင်ရောင်နဲ့ ပန်းဖျော့ဖျော့စပ်ထားတဲ့အရောင်နဲ့ သိပ်ကိုလှနေတယ်.......။ ကိုယ်က အဲအရောင်မျိုးသိပ်ကြိုက်တာ...။ ခုကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်လေးနဲ့မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ ကြည့်တော့လည်း နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်းမမြင်ရဘူး...။ တခါတခါ နှင်းပွင့်လေးတေွ လက်ခနဲ လက်ခနဲအရောင်ကို မြင်နေရသလိုလို...။  ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်အပါးလေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့ စိုထိုင်းစပြုနေပြီ...။ ကိုယ်ဒီနေရာကိုရောက်ဖို့ ဘယ်ကတည်းက ခရီးနှင်ခဲ့သလဲ...?? ဟင့်အင်း ကိုယ်မမှတ်မိတော့ဘူး ...ပြီးတော့ အခု ကိုယ်ဘယ်ကိုသွားနေသလဲ...?

ဟော.... ရှေ့နားနာ ရေစီးသံတွေ တဝေါဝေါကြားနေရပြီ.....။ ဂါဝန်လေးမပြီး ကိုယ်ပြေးသွားကြည့်လိုက်တော့ချောက်ကပါးကြီးရဲ့ ဟိုး....အောက်ဖက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့....။ စောစောက အသံကြားရုံနဲ့တင် ရေစီးဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိပေမယ့် တကယ်မြင်လိုက်ရချိန်မှာ ပိုပြီးတော့ သေချာသွာတယ်...။ ဒါ ချောင်းတစ်ခုလား ....? မဖြစ်နိုင်ဘူး  ပေသုံးဆယ်အကျယ်လောက်ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့တော့ မြစ်ပဲဖြစ်မှာပါ....။ တစ်ဖက်ကမ်းကိုလှမ်းကြည့်တော့ လူတစ်ရပ်စာလောက်ရှည်တဲ့ မြက်ပင်တွေက စိမ်းစိုလို့ ...။ မြက်ပင်ရှည်တွေကြားထဲမှာလည်း ဘာပန်းမှန်းမသိတဲ့ အဝါရောင်ပန်းပွင့်သေးသေးလေးတွေ ကြိုကြားကြိုကြားပွင့်နေကြတယ်....။ ခုမှ ကိုယ်သတိထားမိတယ်...ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်း မျက်စိတဆုံးက မြက်ပင်ရှည်စိမ်းစိမ်းနဲ့ အဝါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ့်ရပ်နေတဲ့ ဖက်ကမ်းမှာကျတော့ ငွေမှင်ရောင်ဖျော့လေးတွေနဲ့ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်ရှည်တွေ...။ ပြီးတော့ ဟိုး..... မိုးပေါ်ကနေသာ စီးကြည့်မယ်ဆိုရင် ငွေမှင်ရောင်မျဉ်းနဲ့ အစိမ်းရောင်မျဉ်းနှစ်ခုကြားမှာ စီးဆင်နေတဲ့ မြစ်ရေဖွေးဖွေးတွေအဖြစ် မြင်ရမှာ....သိပ်ကိုလှနေမှာပဲလို့ ကိုယ် မျက်စိမှိတ်ပြီး စိတ်ကူးမြင်ယောင်ကြည့်မိနေသေးတယ်...။

လေကြမ်းတချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က ခြုံပဝါအဖြူလေး လေနဲ့အတူလွင့်သွားတယ်...။ ကိုယ်လိုက်ဖမ်းလို့မမှီလိုက်ဘူး....။ သူက လေအရှိန်နဲ့ တဖက်ကမ်းက မြက်ပင်စိမ်းဆီကို လွင့်သွားနေတယ်...။ ပဝါလေးကို ကိုယ်မမှိတ်မတုန်ကြည့်နေချိန်မှာပဲ ပဝါလေးဟာ မြက်ပင်အစိမ်းကြားတွေထဲက ဘယ်ချိန်က ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထုတစ်ခုပေါ်ကို အုပ်မိုးကျသွားခဲ့တယ်...။ မဟုတ်ဘူး... ပဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ....လှုရှားမှုကြောင့်  အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ...။ ကိုယ်ကလိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကိုကွယ်သွားလိုက်နဲ့ အဖြူရောင်ဟာ ကိုယ့်ပဝကို ဆုပ်ကိုင်ထားရင်း  ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမသဲကွဲပေမယ့်... ကိုယ်ခံစားမိနေတယ်...။ ခဏနေတတော့ မြင်ကွင်းတွေ ပြန်ကြည်လင်လာတယ်....။ အိုး.... သူ....သူက... ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ပဲ...။ ဟုတ်ပြီ ကိုယ်မှတ်မိပြီ... ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တချက်ပြုံးပြပြီး သူ့ကို လက်ဝေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေ ဖျော့တော့နေမလား ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။

သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲ ကြည့်နေဆဲပါပဲ....။ ကိုယ်လက်ဖဝါးနှစ်ဖက်ကို အုပ်ပြီး "အိန်ဂျယ်...ရေ"လို့ ခေါ်လိုက်တယ်....။ ကိုယ့်အသံတွေ လည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး....။ ထိတ်လန့်တကြားနဲ့ ကိုယ်နှုတ်ခမ်းပေါ်ကို လက်ချောင်းတွေနဲ့ အုပ်လိုက်မိတယ်....။ ဘုရားရေ.... ကိုယ့်အသံတွေ ဘယ်ရောက်ကုန်လဲ...။ ကိုယ်ကြိုးစားပြီး ထပ်ခေါ်ကြည့်တယ်.....။ နိုး....အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်နွေးခနဲ မျက်ရည်တွေစီးကျလာကြတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်ဟာ ပဝါအဖြူနဲ့အတူ မြက်ပင်ရှည်ကြားကနေ ပျောက်ကွယ်သွားခဲ့တယ်...။ ဟိုဖက်ကမ်းကို ကိုယ်ဘယ်လိုကူးရမလဲ... တံတားများရှိမလားလို့ ကိုယ်အမောတကောလိုက်ရှာကြည့်တယ်...ဘာတံတားမှမရှိဘူး ဘာနွယ်ကြိုးမျှင်မှလည်းမတွေ့ရဘူး...။ စိတ်လှုပ်ရှားမှုကြောင့်လား တဖြေးဖြေး အသက်ရှူရတာကြပ်လာတယ်...။ အာခေါင်တွေလည်းခြောက်လာတယ်...။ ပြီးတော့ လောကကြီးတစ်ခုလုံး အမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်....။


မိုးငွေ့

အရင်ပို့စ်တုန်းက ကော်မန့်လေးတွေကို ဖတ်စေချင်လို့ တင်ပေးလိုက်တယ်...:)

၁) လင်းခေတ်ဒီနို (27.3.2011)
သိပ်ကောင်းတဲ့အရေးအသား  :))))
မှတ်ချက်။  ။ အနော် တစ် တစ် တစ်... :)))

၂) နေဝဿန်(27.3.2011)
သိမ်မွေ့လိုက်တဲ့အရေးအသား
ခင်မင်လျက်
နေဝဿန်

၃) SHWE ZIN OO (27.3.2011)
စာသားအနုအလှလေးတွေကို ရွရွလေးပဲဖတ်သွားပါတယ်...။
ခင်မင်စွာဖြင့် 
ရွှေစင်ဦး

၄) အဖြူရောင်နတ်သမီး (28.3.2011)
စာသားနုနုလေးတွေကို ခံစားချက်နုနုလေးနဲ့ နုနုရွရွလေးအားပေးသွားပါတယ်... မမိုးရေ...။

၅) မောင်လေး(28.3.2011)
တကယ့်ကို စာအနုအလှလေး... ဖတ်ပြီး လွမ်းသလိုလို...



ဒေါင်းတောင်ရဲ့ Solo ဓါတ်ပုံပြပွဲ.....

$
0
0




ကျွန်မရဲ့ ရာသက်ပန်စာဖတ်ပရိသတ်လေး တဖြစ်လဲ တချိန်က ဘလော့ဂါအနှိုင်းမဲ့ ခုတော့ ဓါတ်ပုံဆရာမလေး ဒေါင်းတောင်....။ မှတ်တိုင်တစ်ခုစိုက်ထူနိုင်လို့ ဂုဏ်ယူပါတယ် ညီမလေး....။ ဓါတ်ပုံဆရာမလေးဆိုလို့ အန်တီပတ္တမြားခင်ရဲ့ "ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ"စာအုပ်လေးကိုသတိရသွားတယ်....။ ဒီလမ်းဟာ အနှိုင်းမဲ့အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာမဟုတ်ဘူးလို့ ထင်ပါတယ်....။ လူတိုင်း အိပ်မက်တွေအများကြီးမက်ကြတယ် တချို့တွေလဲ လက်တွေ့အကောင်ထည်ဖော်နိုင်ကြသလို တချို့လဲ အိပ်မက်မက်နေဆဲ...။ အနှိုင်းမဲ့ကတော့ လမ်းတွေကို စမ်းလျှောက်ရင်း လမ်းမှန်တစ်ခုတွေ့သွားတယ်လို့မှတ်တယ်....။

ပြပွဲလေးသွားရင်း အရင်က အပြင်မှာ ဆုံးဖူးခဲ့တဲ့ ဘလော့ဂါ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက်တွေ့တယ်....။ ဘလော့လောက ကနေသူတို့ကင်းကွာနေတာသိရလို့စိတ်မကောင်းဘူး...။ ဘလော့ရေးလာတဲ့ သက်တမ်း ဆယ့်တစ်နှစ်မှာ ၂၀၁၉နှစ်က ကျွန်မဘလော့ကို ဝင်ဖတ်သူအများဆုံးနှစ်ပဲ ...စာတစ်ပုဒ်တင်ရင် ကမ္ဘာတဝှမ်းက စာဖတ်သူ အများဆုံး အယောက်ခြောက်ထောင်ကျော် အနည်းဆုံး ခုနှစ်ရာကျော်လောက်လာဝင်ဖတ်ကြတယ်...။ စာဖတ်သူအများဆုံးက ဘလော့ဂါတွေမဟုတ်ဘဲ အပြင်လူတွေများပါတယ်....။ ဘလော့ဂါတွေ ဘလော့တောင်ဝင်မလည်နိုင်ကြတာ ဝမ်းနည်းစရာပါ...:(

ကျွန်မကတော့ အလုပ်များတဲ့ကြားက အချိန်လုပြီး ပို့စ်တွေကို ပုံမှန်လေးတင်နိုင်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်....။ ဒီနေရာလေးက ဘဝတစ်ခုမဟုတ်ပေမယ့် ကျွန်မဘဝရဲ့ အစိပ်အပိုင်းလေးတစ်ခုဖြစ်တာမို့ ချစ်တယ်လေ...။




ဟန်ဇာနဲ့မဆုံလိုက်ဘူးကွာ.... ကတောက်....:P



ဓါတ်ပုံဆရာမရဲ့ ပီတိအပြုံး



 အလည်တည့်တည့်အစ်မရဲ့ နောက်က တောင်တန်းပုံလေး 
အစ်မတစ်ယောက်ကိုလက်ဆောင်ပေးဖို့ အမှတ်တရ ဝယ်ခဲ့တယ် USD.80  နော်






ပြပွဲနှစ်ရက်လုပ်တာမှာ ကျွန်မတို့က ဒုတိယရက် ညနေပိုင်းလေးရောက်သွားခဲ့တာ ပုံတွေတော်တော်များများ အနီရောင်အဝိုင်းစတစ်ကာလေးတွေကပ်ထားတယ်...။ အဲဒါရောင်းပြီးသား Sold Out ဆိုတဲ့ အဓိပ္ပါယ်...။ ဓါတ်ပုံကောင်းတစ်ပုံရဖို့ လူ စိတ်ခံစားမှု အချိန် ငွေကြေး အများကြီး ရင်းနှီးခဲ့ရတာ....။ မယ်ဒေါင်းတစ်ယောက် ကြိုးစားအားထုတ်မှု ရလဒ်ကောင်းတာတွေ့ရလို့ ဝမ်းသာချီးကျူး ဂုဏ်ယူမိပါတယ်...။ 





လောကမှာ ကိုယ်မလုပ်နိုင်တာ သူများလုပ်နိုင်ရင် ကိုယ့်ထက်တော်လို့ပဲ ကိုယ့်ထက်တော်သူ တတ်သူများကို ချီးကျူးထောပနာပြုနိုင်ကြပါစေ...မုဒိတာပွားများနိုင်ကြပါစေ....။


မိုးငွေ့


Ps .... ပုံတွေကို ခွင့်မတောင်းဘဲ ယူတင်ထားပါသည် စိတ်ဆိုးလောက်ဘူးထင်ပါတယ် မယ်နှိုင်းရေ....:P


တနင်္ဂနွေမိုးသည်း.....

$
0
0



"မိုး....မိုး....မိုး.... တို့နှစ်ယောက်ချစ်တဲ့..မိုး...."
"မိုး....မိုး....မိုး....ခုတော့ အချစ်ရေ...ဘယ်မှာလဲ..."
"မိုး...မိုး...မိုး....လွမ်းလို့မဆုံးဘူး မိုး...."

လက်ဖက်ရည်ဆိုင်ထဲက ဖွင့်တဲ့ သီချင်းသံစဉ်က ကိုယ့်ရင်ကို ပိုပြီး စူးနစ်စေသလို....။
မိုးအေးအေးနဲ့ အိပ်ယာထဲကွေးရမှာ ပျင်းလာလို့ အပြင်ပတ်ဝန်းကျင်လေး ဘာလေးထွက်လေ့လာတာ....။ မိုးခိုတဲ့ သူတွေ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ လက်ဖက်ရည်ထွက်သောက်တဲ့သူတွေ တစ်ဆိုင်လုံးပြည့်လို့ရယ်....။ တော်သေးရဲ့ ဒေါင့်ခုံနေရာလေးမှာ လူလွတ်နေလို့...နံရံကပ်လေးလဲဖြစ်တော့ သီးသီးသန့်သန့်လေးဖြစ်သွားတယ်...။ လက်ဖက်ရည်လေးကျိုက်လိုက် သီချင်းအေးအေးလေးနားထောင်လိုက် လမ်းပေါ်က မိုးရေတွေကို ငေးမောလိုက်နဲ့....။

ဆိုင်ရှင်အတွေးခေါ်မဆိုးဘူး မိုးရာသီနဲ့ပတ်သက်တဲ့ သီချင်းလေးတွေကို စုစည်းထားတာလေး ဖွင့်ပေးထားတယ်...။ အပြင်မှာတော့ မိုးက သည်းကြီးမဲကြီးရွာလိုက် တိတ်သွားလိုက်နဲ့ သူ့စိတ်ကြိုက်ရွာချင်သလိုရွာနေတာ ...ဒါ ရန်ကုန်မိုး....။ မိုးအေးလို့လား အခါတိုင်းလို စကားပြောသံတွေ ဆူညံမနေဘဲ ကိုယ့်ဘေးနံရံအပေါ်မှာ ချိတ်ဆွဲထားတဲ့ Song Box ကထွက်တဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးနဲ့ မိုးစက်ကျသံတို့က ကာရံစည်းချက်ကိုလိုက်လို့......။

"  မိုးစက်မဲ့ ငါ့ညတွေမိုးစက်မဲ့ မုန်းတိုင်းတွေ တိုက်သလို မင်းအတွက် စကားလုံး ငါ့မှာမရှိသလို အားလုံးပြောင်းလဲသွားမှ အတိတ်က အရင်လိုမဖြစ်သလို ချန်ခဲ့ပြန်တဲ့ မင်းအနမ်းတွေကို လွမ်းသလို ကျန်ရစ်သလို... "

ခဏနေတော့ အသားခပ်ဖြူဖြူသန့်သန့်ကောင်လေးနဲ့ အသားညိုညိုကောင်လေးနှစ်ယောက် ဆိုင်ထဲဝင်လာပြီး ဟိုနေရာရှာဒီနေရာရှာလုပ်ရင်းက ကိုယ်ထိုင်တဲ့ စားပွဲဆီကို ဦးတည်လာနေကြတယ်.....။

"အစ်ကို ဒီနေရာမှာ လူရှိလား ကျွန်တော်တို့ ထိုင်လို့ရလားဗျ..."

ဟာ...လုပ်ပြီ.... မိုးအေးလို့ ဂျင်းဘောင်းဘီ တီရှပ်အဖြူနဲ့ ဂျင်းဂျက်ကက်အပြင်ကထပ်ဝတ်ပြီး အောစတားရှူးနဲ့ ဦးထုပ်ခပ်ငိုက်ငိုက်စောင်းထားတဲ့ ကိုယ့်ကို ယောကျာ်းတစ်ယောက်လို့ ထင်နေကြတာ....။ ရှိပါစေတော့ ကိုယ်ခေါင်းညိတ်ပြတော့ သူတို့နှစ်ယောက် ခုံဆွဲပြီး ဝင်ထိုင်ကြတယ်....။

"ဟေ့ကောင်....မင်းကောင်မလေးကလာပါ့မလား ဒီလောက်မိုးတွေရွာနေတာ.."

အသားညိုညိုနဲ့ကောင်လေးက အဖြူကောင်လေးကိုမေးနေတာ ကြည့်ရတာ ရည်းစားနဲ့ချိန်းထားတာဖြစ်မယ်....။ သူတို့စကားပြောရတာ အားမနာရအောင်လို့ ပါလာတဲ့ ဆရာနန္ဒာသိန်းဇံရဲ့ "အရိမဒ္ဒရအတွေးမြင်တို့ပျံ့ဝဲနေဆဲ"စာအုပ်လေးထုတ်ဖတ်နေလိုက်တယ်....။ သူတို့နှစ်ယောက်လက်ဖက်ရည်နှစ်ခွက်မှာပြီး အညိုကောင်လေးက ရေနွေးခွက်တွေဆေးပြီး ရေနွေးငှဲ့ထည့်နေတယ်....။  ကိုယ့်ရှေ့ကခွက်ကိုပါဆွဲယူပြီး "အစ်ကို ကျွန်တော်ရေနွေးထည့်လိုက်မယ်နော်"တဲ့.....။

ကိုယ်သူ့ကိုမော့ကြည့်ပြီး ကျေးဇူးလို့ တစ်ခွန်းတုံ့ပြန်လိုက်တော့ သူအံ့အားသင့်သွားတဲ့ အကြည့်နဲ့...

"ဟာ ဆောရီးနော်...ကျွန်တော်က ယောကျာ်းလေးအောက်မေ့လို့ ဆောရီးအစ်မ..."

"ရပါတယ်"လို့ လိုရင်းတိုရှင်းဖြေပြီး ကိုယ်စာအုပ်ပြန်ဖတ်နေလိုက်တယ်.....။

အဖြူကောင်လေးက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်နဲ့ အညိုကောင်လေးအဖြစ်ကို ဂရုမစိုက်အား...

"ကျွတ်..... ဟာကွာ... ဖုန်းလည်းမကိုင်ဘူး..."အဖြူကောင်လေးဆီက စိတ်မရှည်တဲ့ လေသံထွက်လာတယ်...။

"ငါထင်တယ် မင်းကို သူပုံပြောသွားပြီ ငါ့ကောင်..."

ကိုယ်လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး တစ်ကျိုက်မသောက်ခင် သူတို့ကို တချက်စပ်စုပြီး ကြည့်လိုက်တယ်...။ အဖြူကောင်လေးက ရှပ်အင်္ကျီအဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးကို သပ်သပ်ရပ်ရပ်တွဲဝတ်ထားတာ...။ ခပ်ကြမ်းကြမ်း ဆံပင်တိုတိုတွေက မိုးရေတွေစိုလို့....။ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ် နှုတ်ခမ်းတစ်စုံက ယောကျ်ားလေးတော်တော်များများမှာ မြင်ရခဲတဲ့ ခပ်ထူထူနှုတ်ခမ်းမျိုး ....။ ဆေးလိတ်မသောက်မှန်းသိသာတယ်... အသားအရည်က ကြည်ကြည်လင်လင်....။ သူ့ကိုမြင်တော့ အိန်ဂျယ့်ကို သတိရသွားတယ်....။ ကိုယ့်ရဲ့ အိန်ဂျယ်လေးရော ဘယ်ရောက်နေလဲ...။ ခုနေ ဟိုကောင်လေးလိုပဲ ကိုယ်ဖုန်းကောက်ဆက်လိုက်ရင် ဒါမှမဟုတ် ကိုယ်မက်ဆေ့ချ်ပို့လိုက်ရင် မင်းရောက်လာမလား....။ ဟ..ဟ..ဟ ဘယ်တုန်းကများ မင်း မက်ဆေ့ချ်ပြန်ဖူးလို့လဲ....။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရယ်လိုက်ပေမယ့် နာနာကျင်ကျင်နဲ့ ကိုယ့်ရယ်သံကို  ကိုယ်တိုင်ပဲ ပြန်ကြားရတာပါ....။

  မိုးတွေရွာနေချိန်တိုင်း ဒီရင်မှာလွမ်း အိမ်ပြန်ချိန်လမ်းလေး ငါလျှောက်ရင်း  ခုဆို လူတွေအကုန်လုံး အိပ်ပျော်နေချိန်မို့ နင်ဘယ်မှာရှိမလဲ ငါမသိလို့ ဒီဇူလိုင်မိုးတွေရွာတိုင်းမှာ ဟိုအရင်ချိန်လေးတွေကို သတိရ...ရွာနေတယ်မိုးရေရပ်မသွားပါ စိုစိုကာရွဲရင်း တစ်ယောက်ထဲငါ မိုးတွေရွာ...

ကိုယ်စာအုပ်ဖတ်ပြီး တစ်ဝက်ကျိုးသွားတဲ့ အထိ သူတို့ချိန်းထားတဲ့ ကောင်မလေးကို အရိပ်အယောင်တောင်မတွေ့ရဘူး.....။ ကိုယ့်မှာ စာအုပ်ဖတ်လိုက် သူတို့ကို မသိမသာစပ်စုလိုက်နဲ့ အလုပ်ကိုဖြစ်လို့....။ နောက်တော့ ရောက်လာမှာမဟုတ်ဘူးလေဆိုပြီး စိတ်လျှော့လိုက်ပုံရတယ် သူတို့ဘာသာ သူတို့ ဟိုအကြောင်းဒီအကြောင်းတွေကိုပြောရင်း အညိုကောင်လေးက ကိုယ့်စာအုပ်ကိုလာစပ်စုလိုက်သေး....။

"အစ်မ အဲဒီစာအုပ်လေးဖတ်လို့ကောင်းလား ကျွန်တော်လည်း ဆရာနန္ဒာသိန်းဇံရေးတဲ့ ရသစာတွေသိပ်ကြိုက်တာ ဒီစာအုပ် ထွက်ထားတာမကြာသေးဘူးထင်တယ်...."

"ဟုတ်တယ် ဆရာ့ရဲ့ ဆောင်းပါးစာစုတွေလေ ခုမှအသစ်ပြန်ထုတ်တာ..."

ဒီတော့မှ အဖြူကောင်လေးပါစကားဝင်ပြောလာတယ်...အစကတော့ သူ့ကောင်မလေးကို တမျှော်မျှော်နဲ့ကိုး...။

"အစ်မက အင်တာနက်သုံးလား..."တဲ့...

"ဘာဖြစ်လို့လဲ ဒီဖက်ခေတ်မှာ လူတိုင်း အင်တာနက်သုံးတာပဲ..."ကိုယ့်လေသံ နဲနဲကျွတ်ဆတ်ဆတ်နိုင်လိမ့်မယ်ထင်တယ်....။

"အစ်မကို အင်တာနက်ဆိုင်မှာခဏ ခဏတွေ့ဖူးနေလို့ပါ...."

"ဟုတ်မှာပါ.... မင်းကို တစ်ခုလောက်မေးချင်တယ် မင်းက အဖြူရောင်ကြိုက်တဲ့သူလား..."
ကိုယ်ဘာကိုဆိုလိုတယ်ဆိုတာ သူချက်ချင်းသိတယ် မဆိုးဘူး သူက သူ့ကိုယ်သူ ငုံ့ကြည့်ရင်း 

"ဟုတ်.... အဖြူရောင်ကြိုက်ပါတယ် များသောအားဖြင့် ဝတ်ဖြစ်တယ် ဒီနေ့က လူမှုရေးလုပ်အားပေးတစ်ခုကနေပြန်လာလို့ ဒီလိုလေးဖြစ်နေတာ..."

အဖြူကောင်လေးက စကားပြောသွက်သားပဲ...ခုခေတ်ကောင်လေးတွေက လူမှုဆက်ဆံရေး မညံ့ကြဘူး...။ လိုက်လျောညီထွေစွာ နေထိုင်ပြောဆိုတတ်ကြသားပဲလို့ စိတ်ထဲတွေးမိသွားတယ်....။  ကိုယ်တို့စကားစပြတ်သွားချိန်မှာပဲ ဆံပင်ခါးလည်လောက်ရှည်တဲ့ ချစ်စရာကောင်မလေးတစ်ယောက်ရောက်လာတယ်....။ သူတို့မျှော်နေတဲ့ ကောင်မလေး....။ သူတို့ ကိုယ်နဲ့ စကားပြောရင်း စောင့်ရကျိုးနပ်သွားပါတယ်....။ မိုးလဲစဲနေပြီ...။

"ကျေးဇူးပဲ အစ်မရေ ကျွန်တော်တို့ကို စကားပြောပေးတဲ့ အတွက် နောက်မှဆုံမယ် လစ်ပြီ..."

သူတို့လစ်ပြီပြောခါမှ အချိန်ကိုကြည့်မိတယ်....လက်ဖက်ရည်တစ်ခွက်နဲ့ ထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ...။ ကိုယ်လဲ လစ်ဦးမှပါ....။ ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.... မင်းကြိုက်တတ်တယ်ဆိုလို့ ဒီဆိုင်က စမူဆာလးသုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့....:)

 မယုံနိုင်ဘူး နင်စွန့်ခွာသွားတဲ့ နေ့ကို
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး...

ပြန်ခါနီးမှ ကိုငဲကြီးကလဲ မယုံနိုင်ဘူး ဇွတ်အော်နေတော့တာ....။ မယုံနိုင်လဲ ယုံရတော့မှာပဲ တကယ်လဲ မင်းစွန့်ခွာသွားခဲ့တာပဲ သံယောဇဉ်ဖြတ်ခဲ့တာပဲ အိပ်မက်တွေကို ဖျက်စီးပစ်ခဲ့တာပဲ ဒီတိုင်း ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်လဲ ယုံရပြီ....။

မိုးတွင်းကြီးထဲ ထီးကိုင်ဖို့လည်း ပျင်းတဲ့ ကိုယ့်အတွက် မိုးစဲချိန်ကိုပဲစောင့်ရတာ အကျင့်ရနေပါပြီ...။ အပြင်ဖက်မှာတော့ တိမ်တွေက ခဲသားရင့်ရောင်သန်းနေဆဲ...မိုးစက်တွေ တစ်ဖျောက်နှစ်ဖျောက်ကျနေဆဲပဲ...။ စာအုပ်ကိုတော့ မိုးမစိုအောင် ဂျက်ကက်အတွင်းထဲထည့်ပြီး...မိုးအောက်မှာ အရသာရှိရှိ အိမ်ပြန်ခဲ့လိုက်တော့တယ်....။

မိုးငွေ့

အဲတုန်းက သူတို့ရဲ့မှတ်ချက်လေးတွေက ဒီလိုပါ...:)

အလင်းသစ် said....(1.9.2011)
"အား.... အဲဒီမိုးတွေအကြောင်းရေးရင် လွမ်းတတ်လို့ပါဆို ဟဲ...အားပေးသွားပါတယ် အစ်မရေ...မိုက်၏ "

Angelhlaing  said....(1.9.2011)
မိုးနဲ့ပတ်သက်ရင်အမှတ်တရရှိလို့ပါဆို အစ်မရေ အားပေးလျက်ပါလို့..."

Nyi Linn Thit  said....(1.9.2011)
ဖတ်နေရင်းနဲ့ မိုးငွေ့ဖြန်းတဲ့ လေတွေ ဝေ့ဝိုက်တိုက်ခတ်သွားသလိုလို....
အနားမှာလေထဲပဲ ချက်ချင်းအေးစိမ့်လာသလိုလို...နားထဲမှာ မိုးသံတွေ တဖျောဖျောကြားလိုက်ရသလိုလို အေးသလို နွေးသလို ခံစားမှုလေးတွေရလိုက်တယ်....။

MGTHANT  said....(1.9.2011)
ရုံးသွားတိုင်း ဘယ်တော့မှ ထီးမယူသွားတဲ့အတွက် မိုးရွာလို့ရှိရင်လက်ဖက်ရည်ဆိုင်ထဲ ဝင်ခို ပါလာတဲ့ စာအုပ်ကိုထုတ် ဒါမှမဟုတ် ဆိုင်က သတင်းစာကိုယူပြီး ထမင်းချိုင့်လေးဘေးချကာ ကော်ဖီတစ်ခွက်နဲ့ မိုးတိတ်တဲ့အထိ စာထိုင်ဖတ်ခဲ့တဲ့ လွန်ခဲ့သော လေးနှစ်လောက်က အဖြစ်အပျက်လေးကို ဒီပို့စ်လေးက သတိရသွားမိစေတယ်...။

မဒမ်းကိုး  said...(1.9.2011)
မယုံနိုင်ဘူး နင်စွန့်ခွာသွားတဲ့ နေ့ကို
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်ဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး..

မိုးရွာရင်တော့ အိပ်ယာပေါ်ပြေးစောင်ပဲခြုံနေချင်တယ်...
(ဒါမယ့် အဲလိုဇာတ်သိမ်းရင်တော့ ငိုချင်တယ်)

ချစ်တဲ့
မဒိုးကန်

Rose of Sharon  said....(1.9.2011)
မိုးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို ချစ်တယ်...:)

ညီရဲသစ်   said...(2.9.2011)
ဟုတ်တယ်အစ်မ မိုးရေထဲ လမ်းလျှောက်ရတဲ့ အရသာက ဘာနဲ့မှမတူဘူး တကယ့် ဖီးလ်ပဲ... အစ်မရေ ကျွန်တော်ကတော့ ဘလော့ဂါအသစ်လေးပါ လင့်လေးယူသွားပါတယ်နော်...

Jasmine(တောင်ကြီး)  said...(2.9.2011)
ကလေးဘဝက တောင်ကြီး မှာ နှင်းလိုလို မိုးလိုလို မြူလိုလို အမြဲမြင်တွေ့ရတယ် မိုးရာသီနဲ့ ဆောင်းရာသီဆိုရင်လေ.... ခုလဲ ဒီမှာ မိုးတွေရွာနေတယ် မေမေပြောတယ် တောင်ကြီးမှာလဲ မိုးတွေရွာနေတာတဲ့ မိုးနဲ့ ပတ်သက်တာတေွ အများကြီး ရှိခဲ့တယ်ထင်တယ်...။

သဒ္ဒါလှိုင်း  said ....(2.9.2011)
မိုးလေး တဖြောက်ဖြောက်ရွာနေတဲ့အချိန်မှာ ထီးမဆောင်းဘဲ အင်းလျားကန်ဘောင်မှာ စိတ်ကူးတွေရွက်လွှင့်ရင်း လမ်းလျှောက်ချင်နေမိတယ် မမိုးရေ...။
ချစ်တဲ့
သဒ္ဒါ

Anonymous said..... (2.9.2011)
ခုချိန်ထိစွန့်ခွာသွားတယ်ဆိုတာကို လက်မခံနိုင်သေးဘူး
အပြင်မှာတော့ မိုးမရွာဘူး ဒါပေမယ့်အထဲမှာတော့ မိုးကြိုးတွေပစ်လို့

ညိမ်းနိုင်  said ....(2.9.2011)
မိုး .... အလွမ်း....ပြီးတော့ အိန်ဂျယ်.... အင်း....
အတိတ်ကိုတောင် သတိရမိသလိုလိုဖြစ်သွားတယ်...:(

ချစ်ကြည်အေး   said .... (2.9.2011)
ဖတ်လို့ကောင်းပါ့ ငါ့ညီမရယ်....

black rose  said.... (2.9.2011)
ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.... မင်းကြိုက်တတ်တယ်ဆိုလို့ ဒီဆိုင်က စမူဆာလးသုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့....:)
ဟား ဟား မကြီးမိုးငွေ့ကတော့ လုပ်ပြီ စဉ်းစားမနေနဲ့အစ်မရာ ဝယ်ပြီးသုပ်စားလိုက်စမ်းပါ ညီမလေးတော့ အားပေးတယ် ရှလွှတ်...
ချစ်တဲ့ black rose

Han Kyi  said....(2.9.2011)
မိုးနောက်ခံ ဇာတ်လမ်းလေးပါကလား... အရေးအသားညက်ညောတာကြောင့်ပဲ ဇာတ်လမ်းကို ရုပ်လုံးပိုရွသွားစေတယ်လို့ ယူဆမိပါရဲ့ဇာတ်လမ်းဆိုပေမယ့် စကားပြောအက်ဆေးဆိုရင် ပိုမှန်မယ်ထင်တယ် အင်း... ငယ်ငယ်တုန်းကတော့ မိုးတွေရွာရင် တခုခုတော့တခုခုပေါ့ ခံစားမိသား လွမ်းချင်တာလိုလို ဘာလိုလိုပေါ့လေ အခုတော့ မိုးရွာပေမယ့် အလုပ်သွားရတာရယ် လမ်းတွေမှာ ရေတွေပြည့်နေလို့အသွားအလာခက်ခဲတာရယ်နဲ့ပဲ မိုးတောင် ကိုယ်နဲ့ခပ်စိမ်းစိမ်းဖြစ်နေတာကြာလှပေါ့...

mstint  said...(3.9.2011)
မိုးငွေ့ရေ ဝတ္ထုလေးဖတ်သွားတယ် ကိုယ့်ခံယူချက် ကိုယ့်ယုံကြည်ချက်အတိုင်း အဓိပ္ပါယ်ဖွင့်ဆိုသွားတယ်...။ မိုးနဲ့ဆက်နွယ်တဲ့ တေးလေးတွေသီတော့ ဆွေးဆွေးမြေ့မြေ့လေးနော်...။
စိတ်ဓါတ်အဆင်ကြည်လင်အေးမြပါစေကွယ်...
မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ်  said...(4.9.2011)
မိုးငွေ့ဆိုတဲ့အတိုင်းပဲ မိုးနဲ့ပတ်သက်တာတွေ ရေးတာများနေသလားလို့....။ မိုးကိုတော်တော်ကြိုက်ပုံရတယ်...။ အဲဒီလိုအကြောင်းအရာတွေဖတ်ရရင် မြန်မာပြည်သာပြေးပြန်ချင်တော့တယ်...။ မိုးအေးအေးမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် လေကန်...။ ပြန်မရနိုင်တော့ဘူးထင်ပါရဲ့...။ ဘဝက ကံစီမံရာ လိုက်‌နေရတာကိုး...

ဖြိုးမောင်မောင်  said...(4.9.2011)
မိုးထဲမှာ စက်ဘီးလေးစီးပြီး လွမ်းဆွတ်ဖူးခဲ့တာလေး သတိရစေတယ်....။

ကျန်းမာပျော်ရွှင်ပါစေ

အလင်းစက်များ  said... (5.9.2011)
ဒီပို့စ်လေးဖတ်လိုက်ရတော့ ရင်ထဲနင့်သွားသလိုပဲ...။ ကိုယ့်ခင်ဗျာ အို(ဟိုင်း)....လာ...ခဲ့...ပီ လို့တွေးလိုက်မိလို့ပါဗျာ...:(

ATN  said ...(9.9.2011)
မိုက်တယ်....ညီမလေး...


ရွှေမိုးသည်းပြောတဲ့ ကဗျာတစ်ပုဒ်အကြောင်း.....

$
0
0


ရွှေမိုးညိုလို့ သူငိုနေမှာလား
ကိုယ့်အလွမ်းတွေကို
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
သူနဲ့တွေ့ခဲ့တဲ့ အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း
သူ့ဆံနွယ်လှလှလေးတွေအကြောင်း
သူ့အပြုံးချိုချိုလေးတွေအကြောင်း
ကိုယ်တို့ရဲ့အလွဲတွေအကြောင်းရောပေါ့
သူမြင်သာအောင်လျှပ်ပန်းလေးတွေခြွေချ
သူသိအောင်ပြောပေးပါနော်....
(ကျွန်မ၏ကဗျာဆရာ)


သူတို့တွေပေးခဲ့ဖူးတဲ့ မှတ်ချက်လေးတွေ ဖတ်ကြည့်ကြည့်.....:)

မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said.....(6.6.2012)
မိုးသည်းရင်လွမ်းလွန်းတယ်ဆိုမလား ကဗျာဆရာရယ်....
မိုးသည်းလွန်းတယ်...

Anonymous said.... (6.6.2012)
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
သူနဲ့တွေ့ခဲ့တဲ့ အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း....

လွင်ပြင်လှိုင်းငယ်  said.... (6.6.2012)
တိမ်တွေပြိုလို့ ရွှေမိုးကငိုရတာလား
ရွှေမိုးညိုရင် ထမ်းတဲ့ အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်..။
ဟိ...အထွန့်တက်လိုက်တာ

စံပါယ်ချို  said.... (6.6.2012)
ရွှေမိုးလေးညို အလွမ်းတွေပြိုတော့ မိုးငွေ့လေးကိုလွမ်းမိပါရဲ့

မြသွေးနီ  said....(6.6.2012)
ရွှေမိုးညိုတာ ကြိုက်ပေသိ
လျှပ်ပန်းတွေနွယ်ပြီး မိုးတွေထစ်ချုန်းတာတော့
အင်မတန်ကိုကြောက်၏

ညိမ်းနိုင် said....(6.6.2012)
တိမ်ပြိုမိုးတွေအကြောင်း မိုးတွေကတဆင့် ပြောခိုင်းနေတာလား ကိုရွှေကဗျာဆရာရဲ့....:))

Sun Tun said....(6.6.2012)
ကိုယ့်အလွမ်းတွေကို
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း
သူ့ဆံနွယ်လှလှလေးတွေအကြောင်း
သူ့အပြုံးချိုချိုလေးတွေအကြောင်း
သူသိအောင်ပြောပေးပါနော်....

ကြိုက်၏...။

black rose said.....(7.6.2012)
မိုးရွာတာလေးကို သဘောကျပေမယ့်
မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာကိုတော့ အရမ်းကြောက်၏။

မဒမ်ကိုး  said...(7.6.2012)
ဝါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေညိုတော့....

ချစ်တဲ့
ငဂျာရစ်


ကလေးဘဝမှတ်ဉာဏ်....

$
0
0



တစ်ခါက ကျွန်မ ငယ်စဉ်ကလေးဘဝအကြောင်းတွေ ရေးတင်တော့ မိတ်ဆွေတစ်ယောက်က ကျွန်မကို ကလေးဘဝဖြစ်ရပ်တွေကို မှတ်တဲ့ မှတ်ဉာဏ်ကောင်းလိုက်တာလို့မှတ်ချက်ချခဲ့ဖူးတယ်...။ ယေဘူယျအားဖြင့်တော့ လူတစ်ယောက်ဟာ မိမိရဲ့အသက်သုံးနှစ်နောက်ပိုင်းက အဖြစ်အပျက်အကြောင်းအရာတွေကိုပဲ မှတ်မိတတ်တယ်လို့ ဖတ်ရဖူးတယ်....။ အဲဒါကို Earliest Memory သို့မဟုတ်လည်း Birth of Memory လို့ခေါ်ကြတယ်....။ တချို့ဆို အသက်ခုနှစ်နှစ်ရှေ့က အကြောင်းအရာတွေကို လုံးဝမမှတ်မိကြတော့တာလည်းရှိတယ်...။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးဘဝမှတ်ဉာဏ်တွေက တဖြေးဖြေးမှေးမှိန်လာတတ်ကြတယ်....။ ဒါကိုတော့ Child Amenia လို့ခေါ်တယ်...။ ကျွန်မက ငယ်ဘဝအကြောင်းအရာတွေကို ရေးသားမှတ်တမ်းတင်နေတတ်လို့ နည်းနည်းပါးပါး အကြမ်းမျှဉ်းလေ့လာ ဖတ်ရှုထားတာပါ...။ ဆေးပညာအသုံးအနှုန်းများ အမှားအယွင်းရှိခဲ့ရင် Comment မှာ ပြောသွားနိုင်ပါတယ်.....။
      
ကျွန်မဆို အသက်လေးနှစ်ရှေ့ကအကြောင်းအရာတွေကို သိပ်မသိတော့ဘူး တော်တော်များများကိုမသိတော့ဘူး....။ တစ်ချက်ချက် ထူးခြားတာလေးပဲမှတ်မိတော့တယ်...။ ကျွန်မ အသက်နှစ်နှစ်ကျော်လောက်က ဖေဖေမော်လမြိုင်တပ်ပြောင်းရတယ်...။ အဲဒီတုန်းက တပ်ထဲက လိုင်းခန်းတွေကို ခပ်ရေးရေးမှတ်မိတယ်....။ ဘေးခန်းက မိသားစုတွေ သူတို့ဖမ်းမိတဲ့ ပိုးဟတ်တွေကို မီးဖုတ်စားကြတာမှတ်မိတယ်...။ ပြီးတော့ ဈေးထဲမှာလား တပ်ထဲက သက်သာချောင်ချိမှာလားမသိ ဝယ်သောက်ခဲ့ဖူးတဲ့  လက်ဖက်ရည်အိုးအရောင်ကိုမှတ်မိတယ်....။ မာကျူရီပြာရောင် ကြွေရည်သုတ် လက်ဖက်ရည်အိုးလေး...။ အဲတုန်းက လက်ဖက်ရည်မှာရင် အိုးလိုက်ချပေးတာထင်တယ်...။ မေမေက လက်ဖက်ရည်ပူနေတာကို လက်ဖက်ရည်ပန်းကန်ပြားထဲ ငှဲ့ထည့်ပြီး တိုက်တာမှတ်မိတယ်....။ နောက်ပြီး အမွှာအဒေါ်တွေ စက်ဘီးနဲ့တင်ပြီး လျှောက်လည်တွေ အဒေါ်နောက်တစ်ယောက်က တာချီလိတ်ထိခေါ်သွားပြီး တည်းတဲ့ အိမ်က ထမင်းကျွေးတာကို ဟင်းမကြိုက်လို့(ငယ်ငယ်တုန်းကချေးများတယ် အစားရွေးတယ်) အန်ထုတ်ခဲ့တာတွေ မှတ်မိတယ် အဲတုန်းက အသက်လေးနှစ်ကျော်ပြီထင်တယ်....။
        


ကျွန်မငယ်ငယ်တုန်းက ဒီပုံထဲက ကလေးမလေးလိုပဲ ဂါဝန်လှလှလေးဝတ်ပြီး ရှိုးထုတ်ဖူးခဲ့တယ်


ကျွန်မအသက်လေးနှစ်ကနေ ကိုးနှစ်ဆယ်နှစ်ထိတော့ အတော်များများကို မှတ်မိနေပြီ.....။ ကျွန်မငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အဖိုးတို့အိမ်နောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိတယ်....။ အဲဒီအိမ်မပေါ်ထပ်မှာ အဒေါ်တွေကျောင်းတက်တုန်းက ကျောင်းစာအုပ်အဟောင်းတွေ ထင်းရှုးသေတ္တာနဲ့အပြည့်သိမ်းထားကြတယ်....။ ကျွန်မ အဲသေတ္တာထဲက ပထဝီဝင်တို့ မြန်မာဖတ်စာစာအုပ် ဘိုင်အိုစာအုပ်တို့လို့ စာအုပ်မျိုးကို သိပ်စိတ်ဝင်စားတာ....။  ရုပ်ပုံတွေပါတာကို ကြိုက်တာ......။ တစ်နေ့တစ်နေ့ ကစားစရာမရှိရင် အဲဒီစာအုပ်တွေလှန်လှောပြီး ငြိမ်နေတတ်တယ်....။ အဲကတည်းက စာအုပ်တွေကို ကြိုက်တတ်နေပြီဆိုပါတော့....။ နောက်ပြီး ဇီးတော်ဖီထုပ်လေးတွေ ဝယ်စားရင်ပါလာတတ်တဲ့ ပြာကလောင်ပြာကချောင် ကာတွန်းစာအုပ်သေးသေးလေးတွေ ဖတ်ရတာလည်း မှတ်မိတယ်.....။



သူ့လိုလည်းအပင်တွေ တောတွေထဲ လျှောက်ကစားခဲ့ဖူးတယ်...


ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်လောက်မှာတော့ မောင်လေးတွေ ညီမလေးတွေကို အဝတ်နဲ့ကျောပိုးပြီး စနေတနင်္ဂနွေ နေ့တွေဆို ကျောင်းဝင်းပေါက်ဝက ကုန်ဆုံဆိုင်မှာ တီဗီသွားသွား ကြည့်လေ့ရှိတယ်....။ အဲဒီတုန်းက တစ်ရွာလုံးမှာမှ  ၁၄လက်မတီဗီလေးတစ်လုံးတည်းရှိတာ...။ တီဗီက အရောင်မပါတဲ့အပြင် အစက်အပျောက်တွေနဲ့ ဝါးတားနေတာကိုလည်း ကြည့်ကြတာပဲ....။ ထိုင်းနယ်စပ်ဆိုတော့ ထိုင်းကလွှင့်တဲ့ Channel 3  တို့  Channel 7 တို့ကို ကြည့်ရတယ်.....။ ပိတ်ရက်တွေမှာဆို မနက် ၇နာရီခွဲတာနဲ့ ထိုင်းရာဇဝင်ကားလာတယ်....။ အဲဒီကုန်စုံဆိုင်က ကွပ်ပျစ်အကျယ်ကြီးမှာ တစ်ရွာလုံးနီးပါး ကလေးတွေထိုင်ကြည့်နေကြတာ....။ ရာဇဝင်ကားပြီးတာနဲ့ ပါဝါရိန်းဂျားဇာတ်လမ်းအပိုင်းလေးတွေလွှင့်တယ်....။ ပါဝါရိန်းဂျားငါးယောက်ထဲမှာ မိန်းကလေးနှစ်ယောက်က ပန်းရောင်နဲ့အဝါလားမသိဘူး ပါတယ်လေ... အဲဒါ ကလေးတွေအုပ်စုဖွဲ့ပြီးဆော့ကြရင် ကျွန်မက ပါဝါရိန်းဂျား ပန်းရောင်လေးအမြဲလုပ်တယ်....။ အဲကတည်းက ပန်းရောင် ခရေဇီ....။  တလောက တီဗီမှာ နောက်နှစ် (2017) ထွက်မယ့်ကားတွေအကြောင်းပြောကြတော့ လာမယ့်နွေဦးပေါက်ကျရင် ရုံတင်ပြသမယ့် ပါဝါရိန်းဂျားကားကို ဗားရှင်းအသစ်နဲ့ပြန်ရိုက်နေပြီဆိုတာပါလို့  ငယ်ငယ်တုန်းက သူများအိမ်က တီဗီးသေးသေးမှုန်မှုန်လေးမှာ သွားထိုင်ကြည့်ရတာကို အမှတ်ရသွားခဲ့တယ်....။



 ဒီလိုဖက်ရှင်ကျကျနဲ့လည်းပဲများခဲ့ဖူးတယ်


လေးငါးတန်းလောက်တုန်းက ကျောင်းပြေးပြီး ငါးသွားဖမ်းတာတို့ လယ်ထဲပုစွန်လုံးသွားနှိုက်တာတို့ သူများခြံထဲ အသီးသွားခူးတာတို့ကို ပြန်သတိရရင်း ပျော်ရွှင်ကြည်နူးရတယ်....။ အသီးဆိုလို့ အခု စူပါမတ်ကတ်တွေမှာတောင် ရှာမဝယ်နိုင်တဲ့ သူတို့အခေါ် Mulberry ပိုးဇာသီးပင် ကျွန်မတို့ ရွာထိပ်က ခြံတစ်ခြံမှာ တစ်ပင်ပဲရှိတာ စားလို့ကောင်းပြီး အရမ်းချိုတယ်....။ ကျောင်းပိတ်ရက်တွေမှာဆို နေ့ခင်းဖက် ထမင်းစားပြီးတာနဲ့ အိမ်မှာ အဖွားဆိုင်အတွက် ဆားတို့ အချိုမှုန့်တို့ နနွင်းမှုန့်တို့ကို ပလပ်စတစ်အိတ်အကြည်လေးနဲ့အချိန်ချိန်ပြီး ထုပ်ရောင်းတယ်....။  အဲဒါထုပ်ပြီး ဖယောင်းတိုင်မီးတို့ပြီး ပိတ်ရတယ်....။ အဲခါမျိုးဆို ကစားရမယ့်အချိန်ပါသွားမှာစိုးလို့ မနက်ကတည်းက ထမင်းငတ်ခံပြီး ရွာရိုးကိုးပေါက်လျှောက်လည်ပြီး ကစားလိုက်တာ  ညနေမှ အိမ်ပြန်ရောက်တဲ့နေ့မျိုးလည်းရှိခဲ့တယ်....။ တခါတလေ အဖွားက ကြိမ်လုံးတစ်ချောင်းနဲ့လိုက်ရှာ‌ခေါ်ယူရတယ်....။ မေမေက အဲလောက်မဟုတ်ဘူး အဖွားက ကိုယ်တွေဘယ်ရောက်နေသလဲဆိုတာ စီစီတီဗီများတပ်ထားသလားအောက်မေ့ရတယ် ကျွန်မတို့ ကစားတဲ့နေရာကို ချက်ချင်းရောက်လာတတ်တာ....။ နောက်ပြီး ရွာကချောင်းရေခိုးကူးနေတဲ့အခါမျိုး သရက်ပင်ပေါ်တက်ကစားနေတဲ့ အခါမျိုး မိုးရွာရင် အိမ်ခေါင်မိုးစလက်လောင်းထားတဲ့ ကပြင်မှာမိုးရေသွားချိုးတဲ့အခါမျိုးတွေမှာပေါ့....:)

ကျွန်မရဲ့လူဖြစ်ခွင့်အတွက်နဲ့ ကလေးဘဝလေးကို သဘာဝတောတောင်ရေမြေတွေနဲ့ ထိတွေ့ကြီးပြင်းခွင့်ရလို့လည်း မြတ်စွာဘုရားနဲ့ အဖိုးအဖွား မိဘနှစ်ပါးကို ကျေးဇူးတင်မိပါတယ်.....။


မိုးငွေ့


အိပ်မက်နှင်းဆီ.....

$
0
0



နှင်းတွေဝေနေတဲ့ ချမ်းစိမ့်စိမ့် ဆောင်းညနေခင်းလေးတစ်ခုမှာဖြစ်တယ်....။ မှန်ပြူတင်းမှာလည်း နှင်းမှုန်တွေ အငွေ့ရိုက်ထားလို့ မှုန်ဝါးဝါးနဲ့ အပြင်ကို ကောင်းကောင်းမမြင်ရဘူး....။ လမ်းမီးတိုင် ဝါကျင့်ကျင့်အရောင်အောက်မှာလည်း နှင်းတွေဝေသီလို့ပေါ့....။

ဒေါနစိမ်းရောင် အိစက်နေတဲ့ ဆိုဖါထိုင်ခုံကြီးပေါ်မှာ ထိုင်ပြီး ကျွန်တော် မနှင်းဆီကိုစောင့်နေခဲ့တာ မိနစ် နှစ်ဆယ်ကျော်လောက် ရှိတော့မယ်ထင်တယ်....။ ဘာလုပ်ရမှန်းမသိတော့... ပန်းရောင်နှင်းဆီပွင့်ခပ်ကြီးကြီးတွေနဲ့ အညိုရောင်မွှေးပွကော်ဇောကြီးကို ကျွန်တော် ခြေထောက်ထဲ ပွတ်သပ်ကြည့်နေမိတယ်....။ ကျွန်တော့်ရှေ့က အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နဲ့ အနီရင့်ရင့်နှင်းဆီပွင့်တွေထိုးထားတဲ့ ကြွေအိုးအဝိုင်လေးကို ကြည့်ရတာ ပနံသင့်ပြီး ကဗျာဆန်နေလိုက်တာ....။  တကယ်တော့ ကျွန်တော် ဒီည မနှင်းဆီနဲ့အတူ ညစာစားဖို့ရောက်လာခဲ့တာပါ....။

"စောင့်နေရတာ ပျင်းနေပြီလား....ဆောရီးနော် ကျွန်မ အဝတ်စားလဲတာနဲနဲကြာသွားတယ်...."

ဂီတသံစဉ်တစ်ခုလွင့်လာသလို ငြင်သာနူးညံ့လွန်းတဲ့ အသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတယ်....။ ကတ္တီပါ မွှေးနုအနက်ခြုံလွှာလေးနဲ့ လှေခါးပေါ်ကဆင်းလာနေတဲ့ မနှင်းဆီ....လှလိုက်တာဗျာ....။ သူ့မျက်လုံးတွေက တောက်တောက်တွေက ကြယ်ပွင့်တွေလို အဝေးကနေမြင်ရတာနဲ့တင် ရွှန်းစိုလက်လို့ရယ်....။  ပျားရည်ရောင်အသားအရေက အနက်ရောင်ခြုံလွှာအောက်မှာ ထင်းထင်းပပ....။ ခဲဖျော့ရောင်ရင်ဖုံးအင်္ကျီနဲ့ အနက်ခံဖဲလုံချည်မှာ ခဲရောင်နှင်းဆီပွင့်တွေကလဲ ထင်းခနဲ....။ ကျွန်တော့်ရှေ့ကို သူရောက်လာတဲ့ ရွေ့လျားမှုတွေက သွဲ့ပြောင်းလွန်းလို့နေတယ်....။ 

"ကျွန်မ ညနေစာကို အပြင်မြက်ခင်းမှာစီစဉ်ထားတယ်....နှင်းတွေတဖွဲဖွဲကျပုံနဲ့တော့ အဆင်ပြေပါ့မလားမသိဘူး....."

"ရပါတယ် နှင်းတွေကြားမှာ မနှင်းဆီပျော်တယ်မဟုတ်လား ကျွန်တော့်အတွက် အဆင်ပြေပါတယ်...."


ကျွန်တော့်နား နီးကပ်ကပ်သူထိုင်လိုက်တော့ ကျွန်တော်အကြည့်တွေ ဖန်ပန်းအိုးလုံးထဲက နှင်းဆီပွင့်ဖတ်တွေလို စိုတောက်နေတဲ့ သူ့နှုတ်ခမ်းနှစ်လွှာဆီကိုရောက်သွားတယ်....။ ပိတုန်းနက်ရောင် ဆံနွယ်တွေကို ကပိုကရိုလေး ခပ်မြင့်မြင့်ထုံးထားပြီး  နှင်းဆီနီရဲလေးတစ်ပွင့်ပန်ထားတယ်....။

"လာ.... ကျွန်မတို့ ခြံထဲ ဆင်းရအောင်...."ဆိုပြီး သူနေရာကထပြီး ကျွန်တော့်လက်ကို လာဆွဲခေါ်တာ ကျွန်တော် ယောင်နနလေး သူ့နောက်ကို ညိှု့ခံထားရသူတစ်ယောက်လိုပါသွားခဲ့တယ်....။






သူက သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ်မှာ စောစောက ဧည့်ခန်းမှာတွေ့တဲ့ နှင်းဆီပွင့်ကောဇောကြီး ခင်းထားတယ်...။ လရောင်အောက်မှာ ကောဇောပေါ်က နှင်းဆီပွင့်တွေက အရောင်ဖျော့နေကြတယ်......‌။‌ ကော်ဇောပေါ်မှာ နှင်းဆီပွင့်ပုံလေးတွေပါတဲ့ ကြွေရည်သုပ်အိုးသုံးလုံး ပေါင်မုန့်တွေ သစ်သီးယိုဗူးတစ်ချို့နဲ့ ဝိုင်ဖန်ခွက်နှစ်လုံး ပန်းကန်နှစ်ချပ် ဇွန်းခရင်းနှစ်စုံနဲ့ လက်သုတ်ပုဝါနှစ်ထည်တွေ့ရတယ်...။ ကျွန်တော်ထင်ထားတာက ကျွန်တော်တို့စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖယောင်းတိုင်မီးလေးနဲ့ ညစာအတူစားရမယ် ထင်တာ....။ ခုလို နှင်းမှုန်မှုန်ကြားက ဖြာဆင်းနေတဲ့ လရောင်အောက်မှာ ဒီလောက်ကဗျာဆန်တဲ့ ညစာလေးဖြစ်လိမ့်မယ်လို့ကြိုမတွေးခဲ့မိတာ...။ မြက်ပင်တွေက ကိုက်ညှိထားတာမဟုတ်ဘဲ သဘာဝအတိုင်း နူးညံ့အေးစက်လို့...။ သူက ကော်ဇောပေါ် ရုတ်တရက်လှဲချလိုက်တော့ မြက်ခင်းပြင်ပေါ်နင်းထားတဲ့ ကျွန်တော့်ခြေဖဝါးတေွ မြေနဲ့မထိသလိုလွတ်သွားခဲ့တယ်....။ သူမျက်လုံးကို စုံမှိတ်ပြီး လေကိုဝဝရှူရှိုက်နေတယ်.....။

"ဆောင်ညလေးက သိပ်လှတာပဲနော်...."

ကျွန်တော်သူ့အနားကို ထိုင်ချလိုက်တယ်....။
ထင်းရှူးရွက်တွေကြားက ဖြတ်တိုက်လာတဲ့ လေတိုးသံတွေကလည်း တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသလိုလို....။ ကျွန်တော်အသာလေး သူ့ဘေးမှာ ကျောကိုလှဲချလိုက်တယ်....။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှု တခဏလွှမ်းမိုးသွားခဲ့တယ်....။ ဘယ်လောက်ထိတိတ်ဆိတ်သွားသလဲဆို အသက်ရှူသံတွေကိုတောင် အပြန်အလှန်ကြားနေရတယ်....။ ကျွန်တော်တို့အကြည့်တွေက ဟိုး.... ကောင်းကင်ယံမှာ.....။ ပြီးတော့ ထင်းရှူးပင်ကြားက ထိုးဖောက်ဖြာကျနေတဲ့ လရောင်က သူနဲ့ကျွန်တော့်ကိုယ်ပေါ်မှာ ပြောက်တိပြောက်ကျား.....။ တိမ်ကင်းစက်ပေမယ့် နှင်းတွေကာဆီးထားတာကြောင့် လပြည့်လကို ခပ်ဝါးဝါးလေးမြင်နေရသလို ကြယ်ကလေးတွေလဲ မှုန်တိမှုန်ဝါးလေး လင်းလက်နေကြတယ်.....။

"ရှင် ဗိုက်ဆာနေပြီထင်တယ် ကျွန်မ စားစရာပြင်ပေးမယ်...."

သူက ပက်လက်လှဲနေရင်း ထထိုင်လိုက်တော့ သူ့ခေါင်းမှာပန်ထားတဲ့ နှင်းဆီပွင့်လေး ကော်ဇောနဲ့ ကပ်ညိှကျကျန်ခဲ့တယ်...။ ကျွန်တော် နှင်းဆီပွင့်လေးကို ကောက်ကိုင်ပြီး တစ်ချက်ရှူရှိုက်လိုက်တယ်....။

"မနှင်းဆီ ပန်းလေးကျသွားခဲ့တယ် ကျွန်တော်ပြန်ပန်ပေးမယ်နော်..."

ကျွန်တော်အဲလိုပြောတော့ သူက ပန်းကန်ပြားကိုခဏချပြီး ကျွန်တော့်ဖက်လှည့်လိုက်တယ်....။ သူ့ကို ကျွန်တော်နှင်းဆီပန်းလေးပန်ပေးနေတဲ့အချိန်မှာ သူ့ကိုယ်ကရတဲ့ နှင်းဆီရေမွှေးနံ့သင်းသင်းလေးကြောင့် ကျွန်တော့် ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွားကြတယ်....။

ကျွန်တော်တို့ရဲ့ ညစာက အမဲသားကင်ရယ်... ပေါင်မုန့်ကြမ်းတစ်လုံးရယ်... ဆလပ်သုပ်ရယ်... ရွှေဖယုံသီးစွပ်ရယ်...ဖြစ်တယ်....။ ညစာစားပြီးတော့ ဝိုင်ဖန်ခွက်ထဲ သူ ဝိုင်နီတွေငှဲ့ထည့်ပေးတယ်....။

"ဒီမြို့လေးဟာ သိပ်ကို ကဗျာဆန်တာပဲ ရှင်ရောအဲလိုမထင်ဘူးလား....ကဗျာမြို့လေးပါပဲ.... ဟုတ်တယ်... မိုးရာသီဆို ထင်းရှူးပင်ရိပ်မှာ အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်လိုပဲ ခုလို ဆောင်းနှင်မှုန်အောက်ရောက်တော့ ချယ်ရီပန်းလေးတွေနဲ့ နေခြည်မှိုင်းမှိုင်းမှာ ရယ်သွမ်းသွေးနေသလိုလို ပြီးတော့ ထင်းရှူးပင်တွေကို ဖြတ်တိုက်လာတဲ့လေတွေကို ရှူရတာ အေးမြလတ်ဆတ်လွန်းလို့ ကျွန်မအတွက်တော့သိပ်ကို အရသာရှိတာပါပဲ...."

သူက သိပ်ကိုလှသလို စကားပြောရင်လည်း ကဗျာဆန်လွန်းတယ်...။ သူဟာ ကျွန်တော့အတွက်တော့ ဖတ်လို့မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ် နမ်းရှိုက်လို့မဝနိုင်တဲ့ နှင်းဆီပန်းတစ်ပွင့်.....။ သူကမ်းပေးတဲ့ ဝိုင်ခွက်ကိုလှမ်းယူတော့ သူ့လက်ကလေးကိုထိမိသွားတယ်....။

"မနှင်းဆီ လက်တွေ အေးစက်နေတာပဲ လာ...ကျွန်တော်နွေးသွားအောင် ဆုပ်ထားပေးမယ်..."

သူက တစ်ချက်ပြုံးလိုက်ရင် သူ့လက်နှစ်ဖက်ကို ကျွန်တော့်ကမ်းပေးပါတယ်....။ သူ့အပြုံးလေးတွေက သိပ်လှတာပဲ ဟုတ်တယ် သူ့နာမည်လေးနဲ့လိုက်အောင်ကိုလှပါတယ်....။

နုနုထွေးထွေးရှိလှတဲ့ သူ့ကလေးတွေကို ကျွန်တော် နွေးသွားအောင် ပွတ်သပ်ဆုပ်နယ်ပေးလိုက်တယ်....။

"မနှင်းဆီ လက်ကလေးတွေက ပန်းပွင့်ဖတ်လေးတွေလိုပဲ..."

ကျွန်တော်အဲလိုပြောတော့ သူက ကျွန်တော့်လက်နှစ်ဖက်ကိုဖြန့်ပြီး လက်ဖျားတွေကိုပဲ ကိုင်ထားပြီး ကြည့်နေတယ်....။

"ကျွန်မအတွက် ကဗျာလှလှလေးတွေသီပေးနေတဲ့ ရှင့်လက်ချောင်းလေးတွေဟာလည်း ကြမ်းရှပေမယ့် သိပ်ကိုနွေးထွေးလွန်းပါတယ်..."

ပြီးတော့ သူကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာခဲ့တယ်....။ ကျွန်တော်အလိုက်သင့်လေး သူခန္ဓာနွဲ့နွဲ့လေးကို ထွေးပွေ့ထားလိုက်တယ်....။

"နောက်နေ့တွေမှာရော ရှင် ကျွန်မဆီကို ရောက်လာခဲ့ဦးမှာလား..."သူ့အသံတွေထဲမှာ စိုးရိမ်သံစွတ်လို့ နည်းနည်းတောင် တုန်ခါနေတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်...။  ပြီးတော့ သက်ပြင်းတိုးတိုးလေးချသံကိုပါ တဆက်တည်းကြားလိုက်ရတယ်....။

"ဘာလို့ အဲလိုမေးတာလဲ မနှင်းဆီရယ်... ကျွန်တော်မနှင်းဆီအနားမှာ အမြဲတမ်းရှိနေပါတယ်..."

"ဟင့်အင်း ရှင်က ကျွန်မဆီရောက်လာပြီးရင် ကျွန်မကို နှုတ်မဆက်ဘဲ အမြဲပျောက်သွားတတ်လွန်းလို့..."

ကျွန်တော်သူနဲ့ထပ်ဆုံချင်လို့ တမင်နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာပါ...။ ကျွန်တော်သူ့ ပခုံးစွန်းလေးကို ဖျစ်ထားလိုက်မိတယ် ...။ တကယ်တော့ နှုတ်ဆက်ခွဲခွာခြင်းကို ခံနိုင်ရည်မရှိလို့ ကိုယ့်ကိုယ်ကို အားပေးနေရတာပါ....။

နှင်းတွေ ပိုကျလာပေမယ့် ကျွန်တော်တို့ အိမ်ထဲမဝင်ဖြစ်ကြသေးဘူး....။  နှင်းစိုမှာစိုးလို့ ကျွန်တော်သူ့မျက်နှာကို ရင်ခွင်ထဲဝှက်ထားလိုက်တယ်...။ ကျွန်တော့်ကို သူမော့မော့ပြီး စကားပြောတိုင်း သူ့ထွက်သက်နွေးနွေးလေးတွေကို ကျွန်တော့်လည်တိုင်ကို လာလာဟတ်တယ်...။ လရောင်ရဲ့ဖျားရောင်းမှုကြောင့်လား ဝိုင်ချိုကြောင့်လား သူ့ဆီကရတဲ့ နှင်းဆီရနံ့ရဲ့ ဆွဲဆောင်မှုကြောင့်လား ရုတ်တရက်ကျွန်တော်သတိလက်လွတ်ပြီး သူ့နဖူးပြင်ကို နှုတ်ခမ်းနဲ့ဖိကပ်လိုက်မိတယ်....။ သူက မော့မကြည့်ဘဲ သူလက်သည်းရှည်ချွန်ချွန်တွေနဲ့ ကျွန်တော့်မေးရိုးက ရိတ်ခါစ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်....။  ပြီးတော့ သူ့လက်သည်းတွေက ကျွန်တော့်နှုတ်ခမ်းပေါ်ရောက်လာတယ်...။

"ဒီနှုတ်ခမ်းတွေနဲ့ တခေါက်လောက် ကျွန်မကို ရှင့်ကဗျာတွေ ရွတ်ပြပါဦးနော်..."တဲ့....

ခပ်တင်းတင်းလေး သူ့ကိုပွေ့ဖက်ထားရင်း ကျွန်တော် မျက်စိမှိတ်ထားလိုက်တယ်.....။ နွေးထွေးလိုက်တာ .... နှင်းဆီရနံ့လေးကလည်းမွှေးလိုက်တာဗျာ....။ အဲဒီချိန်မှာပဲ တစုံတရာက ကျွန်တော့်ရင်ကို ကန်ထွက်သွားတာကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်....။ ကျွန်တော့်ရင်ခွင်ထဲကနေ ရုန်းထွက်ထပြေးသွားတာက ကြောင်တစ်ကောင်ပါ...။ မနှင်းဆီကရော ဘယ်ရောက်သွားလဲ.....။

ခပ်ကြမ်းကြမ်းသစ်တွေနဲ့ ဖြစ်သလိုရိုက်ထားတဲ့ ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ ကုန်ခါနီးပယင်းရောင်အရည် တစ်ပုလင်းနဲ့ ဖန်ခွက်တစ်ခွက် သောက်လက်စ ဆေးပေါလိပ်တစ်လိပ်..လေတိုက်လို့ တရှဲရှဲမြည်နေတဲ့ ဝါးရုံပင်တစ်ပင်...။ ကောင်းကင်မှာလရှိမနေပါဘူး....။ ဒီညက လမိုက်ညလား ဒါမှမဟုတ် တိမ်ကွယ်လို့အလင်းပျောက်နေတဲ့ လပြည့်ညလား....။  ကြယ်တွေတောင် ကျွန်တော့်ကို မြင်ပြင်းကပ်လို့ထင်ရဲ့ ပုန်းနေကြတယ်...။ ရှပ်အင်္ကျီကို ကြယ်သီး သုံးလေးလုံးလောက်ဖြုတ်ထားလို့ ရင်ဘတ်တစ်ခုလုံးလဲ အေးစက်ထုံကျင်နေပြီ....။

ကျွန်တော်ခဏကလေး အိပ်ပျော်သွားတုန်း မနှင်းဆီ ကျွန်တော့်အိပ်မက်ထဲကို အလည်လာခဲ့တာလား....ဟုတ်လားဗျ....။





မိုးငွေ့


ဟိုတုန်းက သူတို့မန့်ထားခဲ့ကြတာတွေကတော့......:)

ပျိုးယုဝသုန်  said...(18.12.2013)
အိပ်မက်များနှင့်အိပ်စက်နေသောသူ ဖတ်ပြီး သူ့ကိုယ်စားမောသွားတယ်.....။

သဒ္ဒါလှိုင်း said...(19.3.2013)
နူးနူးညံ့ညံ့လေးနဲ့ ဖတ်လို့ကောင်းလိုက်တာ...မမိုး...  တဒင်္ဂအိပ်မက်မက်သွားတယ်...

မိုးသက် said...(19.12.2013)
ဟိဟိ...ကျွန်တော်တောင် ဒိတ်ဒိတ် ဒိတ်ဒိတ်ဖြစ်သွားတယ်...ရေးတတ်လိုက်တာ...

Iora  said...(20.12.2013)
Good job.
I am impressed.
Keep on writhing this kind of style.
Iora

နွေတေးရှင် (မင်းဧရာ)  said..(22.12.2013)
သိပ်ကောင်းတာပဲဗျာ...
နူးညံ့လှပလွန်းတယ်...


Viewing all 802 articles
Browse latest View live